မနေ့ကတစ်ရက်ထဲတင် ဇာဗီစိတ်ဝင်စားတဲ့ ချဲလ်ဆီးကစားသမားအရေအတွက်က ၄ ယောက်ဖြစ်လာခဲ့တယ်။ ပြီးခဲ့တဲ့အပတ်တွေကနာမည်ထွက်ခဲ့တဲ့ တီမိုဝါနာနဲ့ပါပေါင်းလိုက်ရင် ၅ ယောက်ပေါ့။ မသိသေးသူတွေအတွက်နာမည်တွေပြန်ရေးပြရရင် အိုဒွိုင်း ၊ ပူလီဆစ် ၊ ဇီယက်ချ် ၊ အလွန်ဆိုနဲ့ တီမိုဝါနာ။ အသင်းမှာ သူ့အပိုင်းနဲ့သူ အရေးပါနေကြသူတွေချည်းပဲ။ ဒါဟာ အမှန်အကန်စိတ်ဝင်စားနေတာဖြစ်နိုင်သလို စပိန်မီဒီယာတွေဖွတာလည်းဖြစ်နိုင်ပေမယ့် ချဲလ်ဆီးအသင်းရဲ့ လက်ရှိအနေအထားကို တော့ထင်ဟပ်နေပါတယ်။
အသင်းတိုင်းဟာ ကိုယ့်လိုအပ်ချက်ကို ကိုယ်ဖြည့်ဆည်းနေကြပါတယ်။ တိုက်စစ်မှုးလိုသူက တိုက်စစ်မှုး ၊ ကွင်းလယ်ကကွင်းလယ် စသည်ဖြင့်ပေါ့။ ချဲလ်ဆီးကျတော့ စိန်ခေါ်မှုကမတူညီ။ သူက Peak Form တစ်ခုရထားပြီးသားအသင်းဖြစ်ပြီး ဒီ Form ကိုမပျက်စီးအောင်ထိန်းသိမ်းနေရတာမျိုး။ တူညီတဲ့အခြေအနေပြောရရင် ခုနှစ်ပိုင်းတွေမှာ လီဗာပူးအသင်းကို ပရိတ်သတ်တွေ Form ပျက်မှာစိုးရိမ်ကြသလိုမျိုးပေါ့။ အရှိန်ရပြီးသား အသင်းတစ်သင်းသည် ဘယ်နေရာမှ တို့လို့ထိလို့မရ။ ဒါပေမယ့် အချိန်ကျလာတဲ့အခါမှာ လိုအပ်တဲ့ အပြောင်းအလဲတွေကိုတော့ဖန်တီးရပါတယ်။ ဒီနေရာမှာ မှန်ခြင်းမှားခြင်းတွေဟာ အသင်းတွေကိုရိုက်ခတ်သွားတာပါပဲ။ သာဓကတွေလဲများစွာရှိနှင့်ပြီးသားပါ။
ချဲလ်ဆီးသတင်းတွေက နေ့စဥ်အများကြီးတက်နေပေမယ့် သေသေချာချာ စိစစ်ကြည့်ရင်ခေါင်းစဥ် ၂ မျိုးသာထွက်ပါတယ်။ ပထမကတော့ လက်ရှိအဓိက ကစားသမားတွေရဲ့ စာချူပ်သစ်ကိစ္စတွေဖြစ်ပြီး ၊ ဒုတိယအချက်ကတော့ အငှားချထားတဲ့လူငယ်ကစားသမားလေးတွေအကြောင်း။ အဲ့ဒီနောက်ကျမှ ထိပ်တန်းပစ်မှတ်တွေအကြောင်းက ရေပန်းစားတာပါ။ ဒီအခြေအနေတွေဟာ ချဲလ်ဆီးဟာ ထိပ်တန်း ရောက်ဖို့ ဆိုတာထက် ရထားတဲ့ အရှိန်တစ်ခုကို ထိမ်းသိန်းနေရတာကိုညွှန်ပြနေပါတယ်။
ဂယ်လက်ဂါ ၊ ဂေးလ်မား ၊ ဘရိုဂျာ တို့က ထွန်းထောက်ဖို့စိုင်းပြင်းနေကြပြီ။ ထိပ်ဆုံးမရောက်ပေမယ့် အလယ်အလတ်မကတဲ့ ဘာကလေတို့ ၊ လော့ဖ်တပ်ချိ တို့လိုကစားသမားတွေကလည်း အသင်းမှာရှိနေပြန်တယ်။ တဖက်မှာလည်း အသက်အရွယ်တစ်ခုရောက်နေတဲ့ အဓိက ကစားသမားများ။ အချိန်မရွေးထိပ်တန်းအသင်းတစ်သင်းဆီရောက်သွားနိုင်တဲ့အိုဒွိုင်း။ ဒီလိုလူစာရင်းမှာ ချဲလ်ဆီးဒါရိုက်တာ မာရီယာအတွက်က လုပ်ရန်ရှိကိစ္စတွေများပါတယ်။
ပုံစံကောင်းရနေတဲ့အသင်းတစ်သင်းရဲ့ အလှည့်ကျပွဲထွက်နေရတဲ့ကစားသမား သို့မဟုတ် အနဲငယ်ရုန်းကန်နေရတဲ့ကစားသမားတွေဟာ အခြားအသင်းကြီးတစ်သင်းမှာနေရာရနိုင်တာမဆန်း။ ဒီတော့ စိတ်ဝင်စားတဲ့သတင်းတွေထွက်လာတော့တာပါပဲ။ ကစားသမားတွေဖက်ကလည်း နေရာစုံမှာလူကောင်းတွေ ပြည့်နေတဲ့အပြင် ခြေစွမ်းပြလူငယ်လေးတွေကြောင့် သူတို့အနာဂတ်သူတို့ သုံးသပ်တာမျိုးဖြစ်နိုင်ပါတယ်။ ဒီတော့ပြောရခက်ပါတယ်။
ဇာဗီတစ်ယောက်ဘယ်ကစားသမားကို တကယ်ခေါ်သွားမလဲ ၊ ဒါမှမဟုတ် တစ်ယောက်မှမရောက်ဘူးလား မပြောနိုင်ပါ။ ဒါပေမယ့် ချဲလ်ဆီးအတွက်ကတော့ ကစားသမားကို ကာကွယ်နေရုံနဲ့ပြီးမယ့်ကိစ္စမဟုတ်ပဲ အသင်းရဲ့ ဟန်ချက်ကိုတည်ငြိမ်အောင်လုပ်ရမှာဖြစ်ပါတယ်။ ဒီအတွက် တူချယ်နဲ့ မာရီယာတို့ရဲ့အစွမ်းကို ဆက်လက်စောင့်ကြည့်ရပါမယ်။ ဘာကြောင့် “ ဆက်လက် “ လို့သုံးစွဲရသလဲဆိုရင် သူတို့က အကြိမ်ကြိမ်သက်သေပြပြီးသားဖြစ်ပါတယ်။
Leave a Reply