အသင်းရဲ့နောက်ခံလူဟောင်းဖြစ်သူ မာရီယို မဲလ်ချော့က ဝူဗာဟန်တန်နဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ချဲလ်ဆီးအသင်းအနေနဲ့ ရလဒ်ကောင်းရဖို့ ရုန်းကန်ခဲ့ရတာဟာ အသင်းရဲ့ အဓိက ကွင်းလယ်လူ မပါ၀င်နိုင်တာကြောင့်လို့ သူရဲ့ထင်မြင်ချက်ကို ဖွင့်ဟခဲ့ပါတယ်။
ပွဲစဉ်အပြီးမှာ မာရီယိုက အသင်းရဲ့ စွမ်းဆောင်ရည် နိမ့်ကျခဲ့ရခြင်းနဲ့ ပတ်သက်ပြီး အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ မပါ၀င်လာခဲ့တဲ့ ဂျော်ဂျင်ဟိုအကြောင်းကို ထောက်ပြခဲ့တာဖြစ်ပါတယ်။အသက် ၃၀အရွယ် အီတလီကွင်းလယ်လူဟာ ဒဏ်ရာအတူနဲ့ ကိုဗစ်ပြဿနာတွေကြောင့် ဝူဗာဟန်တန်ကို ရင်ဆိုင်ရမယ့် အဝေးကွင်းပွဲစဉ်မှာ မပါ၀င်လာခဲ့ပါဘူး။
ပြီးခဲ့တဲ့ သီတင်းပတ်အချို့ကတည်းက ဂျော်ဂျင်ဟိုဟာ နောက်ကျော ဒဏ်ရာပြဿနာရှိနေတာဖြစ်ပေမယ့် အသင်းမှာ ဒဏ်ရာရ ကစားသမား များပြားနေခဲ့တာကြောင့် အနားမယူခဲ့ရပဲ ပွဲချိန်ပြည့် ကစားခဲ့ရတဲ့ ပွဲစဉ်အများအပြားရှိခဲ့ပါတယ်။
ဝူဗာဟန်တန်နဲ့ ပွဲစဥ်မှာ ဂျော်ဂျင်ဟိုနဲ့ လိုတပ်စ်ချိခ်တို့ မပါ၀င်နိုင်ခဲ့တာကြောင့် တူချယ်ဟာ ကွင်းလယ်မှာ ချာလိုဘတ်၊ဇီယက်ခ်ျနဲ့ ကန်တီတို့ကို အသုံးပြုခဲ့ရပါတယ်။ကန်တီဟာ ကြံခိုင်မှုမပြည့်၀ သေးတဲ့အခြေအနေမှာ ပွဲချိန်ပြည့် ကစားခဲ့ရသလို အသင်းရဲ့ခံစစ်မှာ ကစားနေကြ ချာလိုဘတ်ဟာ ကွင်းလယ်မှာ ခြေစွမ်းမပြနိုင်ခဲ့တာဟာ တော်တော်ကို ထင်ရှားသိသာခဲ့ပါတယ်။
“ခင်ဗျားတို့ ချဲလ်ဆီးကစားတာကို ကြည့်နေမယ်ဆိုရင် အသင်းဟာ ဂိုးရဖို့ဘယ်လိုအခွင့်အရေးတွေ ဖန်တီးနေလဲဆိုတာ ရှာဖွေနေမိမှာပါ။ဒီနေ့ပွဲမှာတော့ ဒီလိုမျိုးလုပ်ပြဖို့ သူတို့အတော်လေး ရုန်းကန်ခဲ့ရတယ်လို့ ခံစားမိပါတယ်”
“ဂျော်ဂျင်ဟို မပါ၀င်နိုင်တဲ့အတွက် သူ့ရဲ့နေရာမှာ ချာလိုဘတ် ကစားခဲ့ရတယ်။ချာလိုဘတ်က ကစားသမားကောင်းမဟုတ်ဘူးလို့ ပြောချင်တာတော့မဟုတ်ဘူး။ ဒါပေမယ့် ဖန်တီးမှု အပိုင်းမှာတော့ သူ့အနေနဲ့ လိုအပ်ချက်တွေ ရှိနေပါသေးတယ်။ကွင်းလယ်မှာ ကောင်းကောင်းကစားနိုင်တဲ့ ကစားသမားကို ခင်ဗျားရှာနေတယ်ဆိုရင် သေချာပါတယ်၊အဲ့ဒီသူက ဂျော်ဂျင်ဟို ပါပဲ”
“ဂျော်ဂျင်ဟိုမှာ ပွဲတစ်ပွဲကို အဆုံးအဖြတ်ပေးနိုင်စွမ်းရှိတယ်။အသင်းရဲ့ကစားကွက်ကိုလည်း ပုံဖော်ပေးနိုင်တယ်။ဒီလိုမျိုး ချာလိုဘတ်လုပ်ပြနေခဲ့တာကိုတော့ ကျွန်တော်မတွေ့ခဲ့ရပါဘူး”
“ဒါကြောင့် ချဲလ်ဆီးဟာ သွင်းဂိုးရဖို့ အရမ်းခက်ခဲခဲ့ရတာဖြစ်ပါတယ်” လို့ ချဲလ်ဆီးနောက်ခံလူဟောင်းက သူ့အမြင်ကို ပြောပြခဲ့ပါတယ်။
အသင်းရဲ့ ကွင်းလယ်မှာ ကန်တီမပါ၀င်နိုင်ခဲ့ချိန်မှာ ခံစစ်မှာ အားနည်းချက်တွေများခဲ့သလို ဂျော်ဂျင်ဟို မပါ၀င်နိုင်ချိန်မှာလည်း တိုက်စစ်အတွက် ဖန်တီးမှုပိုင်းမှာ အားနည်းနေတာကို တွေ့မြင်ခဲ့ရတာဖြစ်ပါတယ်။ဝူဗာဟန်တန်နဲ့ပွဲစဉ်မှာ အသင်းဟာ ဂိုးပေါက်တည့်မတ်မှု တစ်ကြိမ်သာရှိခဲ့ပါတယ်။
တူချယ် ပွဲထုတ်လာခဲ့တဲ့ ကွင်းလယ်လူစာရင်းကို အဲဗာတန်ဂိုးသမားဟောင်း တင်မ်ဟောင်း၀က် ကလည်း ဝေဖန်ခဲ့ပြီး တူချယ်အနေနဲ့ ရိစ်ဂျိမ်းကို ကွင်းလယ်မှာအသုံးပြုကာ ချာလိုဘတ်ကို နောက်တန်းမှာ နေရာချခဲ့သင့်တယ်လို ဆိုပါတယ်။
Leave a Reply