လိဒ်စ်နဲ့အာဆင်နယ်တို့ရဲ့ ပွဲစဉ်ပထမပိုင်းမှာ လိဒ်စ်ပရိသတ်တစ်ဦးက အာဆင်နယ်ကစားအချို့ကို လူမျိုးရေးခွဲခြားတဲ့ စကားလုံးတွေ အော်ဟစ်ပြောဆိုခဲ့ပါတယ်။ အာဆင်နယ်အသင်းရဲ့နောက်ခံလူ ရော့ဟိုးဒင်းက ဒီဖြစ်စဉ်ကို သတိထားမိခဲ့ပြီးတဲ့နောက် စတုတ္ထဒိုင်ဖြစ်သူ ဂျွန်ဘရွတ်အား အသိပေးခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ ကွင်းလယ်ဒိုင်ဖြစ်သူ အန်ဒရီမာရီနာက ပွဲကိုခေတ္တရပ်ဆိုင်းခဲ့ပါတယ်။ အာဆင်နယ်ကစားသမားတွေဖြစ်တဲ့ နီကိုလပ်ပေပေ၊ တာဗာရက်စ်တို့ သွေးပူလေ့ကျင့်ခန်းလုပ်နေတာကို ပွဲကြည့်စင်ပေါ်က ပရိသတ်တစ်ဦးက လူမျိုးရေးခွဲခြားတွေစကားလုံးတွေနဲ့ လှောင်ပြောင်ခဲ့တာဖြစ်ပါတယ်။
လိဒ်ယူနိုက်တက်ရဲ့ အသင်းတာ၀န်ရှိသူတွေက အဆိုပါအော်ဟစ်လှောင်ပြောင်ခဲ့သူကိုဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး သူရဲ့လုပ်ရပ်အပေါ် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ကာအရေးယူဖို့ ရှိနေပါတယ်။ရဲတွေဆီကနေ စုံစမ်းစစ်ဆေးမှုရလဒ်တွေကို စောင့်ဆိုင်းနေပြီး ပြစ်မှုထင်ရှားပါက လူမျိုးရေးခွဲခြားခဲ့တဲ့ ပရိသတ်ကို တစ်သက်တာ ပွဲကြည့်ခွင့်ပိတ်ပြီး ပြစ်ဒဏ်ချဖို့ရှိနေပါတယ်။
ကွင်းလယ်ဒိုင် အန်ဒရီမာရီနာက လိဒ်စ်ယူနိုက်တက်ရဲ့ နည်းပြအဖွဲ၀င်တွေနဲ့ စကားပြောခဲ့သလို တာ၀န်ရှိတဲ့ ရဲတစ်ယောက်ကလည်း အရံခုံတန်းမှာ ရှိနေပြီး ဖြစ်စဉ်ကိုသိရှိခဲ့နိုင်တဲ့ စမစ်ရိုးကိုလည်း မေးမြန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီဖြစ်စဥ်ကို ဘောလုံးအဖွဲချုပ်နဲ့အတူ နယူရော့ခ်ရှိင်းယားရဲတပ်ဖွဲကပါ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။
ပွဲစဉ်အပြီးမှာ အာဆင်နယ်နည်းပြ အာတီတာက ဒီဖြစ်ရပ်ကို အတည်ပြုပေးခဲ့ပါတယ်။
“အရန်ခုံတန်းမှာ ထိုင်နေတဲ့ ကစားသမားတစ်ယောက်က ဒီလူမျိုးရေးခွဲခြားတဲ့ စကားလုံးတွေကို ကြားခဲ့ရတာပါ။ ခွဲခြားပြောဆိုခဲ့သူက ဘယ်သူလဲဆိုတာ ကျွန်တော်မသိပေမယ့် အတော်စိတ်ပျက်ဖို့ ကောင်းပါတယ်။ဒါပေမယ့် ဒီကိစ္စ လူတစ်ဦးတစ်ယောက်ရဲ့ အမှားသာဖြစ်ပြီး ကွင်းထဲက လူတွေအားလုံးတော့ ဒီအပြစ်ကို ခံယူစရာမလိုပါဘူး ” လို့ပြောဆိုသွားခဲ့ပါတယ်။
ပွဲစဉ်အပြီးမှာတော့ လိဒ်စ်ယူနိုက်တက်ရဲ့ မန်နေဂျာ ဘီအဲဆာကို ဒီဖြစ်စဉ်အကြောင်း မေးမြန်းတဲ့ အခါမှာတော့
“ဒီကိစ္စက အတော်လေးကို ကြီးကျယ်တဲ့ မေးခွန်းပါပဲ။ကျွန်တော်ဘယ်လို ဖြေရမလဲ။ခွဲခြားဆက်ဆံမှု လုပ်ရပ်အားလုံးကို ကျွန်တော်ကတော့ ဆန့်ကျင်ပါတယ်” လို့နည်းပြကြီးကဖြေပါတယ်။
အသားရောင်ခွဲခြားဆက်ဆံမှုဆန့်ကျင်ရေး အဖွဲအစည်းဖြစ်တဲ့ Kick It Outက ဂျော့ဟိုးဒင်းရဲ့ လုပ်ရပ်အပေါ် ချီးကျူးသွားခဲ့ပါတယ်။ ဟိုးဒင်းရဲ့ သူရဲ့ အသင်းဖော်တွေအပေါ် ကာကွယ်မှုတစ်ခုပြုလုပ်ခဲ့တာ ဖြစ်သလို လူ့အခွင့်အရေးအပေါ်အပြည့်အ၀လေးစားမှုရှိတာကိုလည်း ပြသခဲ့တာဖြစ်ပါတယ်။
“သူရဲ့ လုပ်ရပ်ဟာ လူအခွင့်အရေးအပေါ် တန်ဖိုးထားမှုနဲ့ပတ်သက်ပြီး စံနမူနာယူစရာ ဖြစ်သလို အသင်းဖော်တွေအတွက်လည်း မိတ်ဆွေကောင်းတစ်ယောက်ဖြစ်တယ်ဆိုတာ ပြသခဲ့တာဖြစ်ပါတယ်”
“စုံစမ်းစစ်ဆေးမှုရဲ့ရလဒ်တွေကို ကျွန်တော်တို့ စောင့်မျှော်နေပါတယ်။ လိဒ်စ်ယူနိုက်တက်ရဲ့ တာ၀န်ရှိသူတွေနဲ့ သက်ဆိုင်ရာအဖွဲအစည်းတွေက လိုအပ်တဲ့အချက်အလက်တွေကို ကူညီသွားမယ်လို့ မျှော်လင့်နေပါတယ်” လို့ Kick It Out က ထုတ်ပြန်ချက်တစ်ခုနဲ့ ကြေညာခဲ့ပါတယ်။
ကမ္ဘာ့ရဲ့ ဘယ်နေရာမှာမှ အသားအရောင် ခွဲခြားဆက်ဆံမှုကို လက်ခံသွားဖို့ နေရာမရှိပါဘူး။ ဒါ့အပြင် ဟိုးဒင်းရဲ့အပြုအမူဟာ အသင်းရဲ့အစိတ်အပိုင်းတစ်ခုအဖြစ် ကိုယ့်ကိုယ်ကိုလက်ခံထားကြောင်း သိသားစေတဲ့အချက်ဖြစ်သလို လူသားဆန်မှုရဲ့ ပြယုဂ်လည်းဖြစ်ပါတယ်။
Leave a Reply