ဆာကာ ကိုလီဗာပူးအသင်းဖက်က စိတ်ဝင်စားတယ်ဆိုတဲ့ သတင်းဟာ အာဆင်နယ် ပရိတ်သတ်တွေကို စိတ်လှုပ်ရှားသွားစေပါတယ်။ ကစားသမားနဲ့ လန်ဒန်အသင်းကြားမှာ စာချုပ်က နှစ်ရှည်ချုပ်ထားတာ ဘာမှမကြာသေး။ လူငယ်လေးကလဲ ကျောနံပါတ် ၇ ကိုဝတ်ဆင်ပြီးခြေစွမ်းတွေပြနေတာ တစ်ပွဲထက်တစ်ပွဲ ပိုသိသာလာပါတယ်။ ဒါပေမယ့် သတင်းတွေကတော့ အချိန်ကိုက်ထွက်လာတာပါပဲ။
တကယ်တော့ ဆာကာ ကို ကလော့စိတ်ဝင်စားနေတာအခုမှတော့မဟုတ်ပါဘူး။ အမ်မရီလက်ထက်မှာ ကျောနံပါတ် ၈၇ ကိုဝတ်ပြီး ခြေစွမ်းစပြနေကတည်းက သူနဲ့ မာတင်နယ်လီကို လီဗာပူးနည်းပြကြီးက ချီးကျူးထားတာပါ။ ဒါအပြင် ပြီးခဲ့တဲ့နှစ်က ပွဲကြပ်ကာလမှာလည်း ဆာကာ အပေါ် ပွဲတွေဆက်တိုက်သုံးစွဲနေတာကြောင့် စိတ်ပူကြောင်းပြောဖူးပါတယ်။ ဒီတော့ ခြေစွမ်းထက်သည်ထက် ထက်မြတ်လာချိန်မှာ ဒီသတင်းထွက်လာတာတော့မဆန်းပါ။
အခုတစ်ကြိမ်ကရော .. သတင်းရင်းမြစ်ကဘယ်ကလာပါသလဲ။
တကယ်တော့ ဘောလုံးသုံးသပ်သူလဲဖြစ် ၊ ကစားသမားဟောင်းလဲဖြစ်တဲ့ အီယန်မက်ဂယ်ရီက Transfer Window Podcast နဲ့ပြောတဲ့အစီအစဥ်မှာသူ့ရဲ့အမြင်ကို ထည့်သွင်းသုံးသပ် သွားတာဖြစ်ပါတယ်။
လီဗာပူးဟာ သူတို့ရဲ့ ကစားပုံမှာအံဝင်နိုင်တဲ့ ကစားသမား ၂ ယောက်လောက်ကို လိုချင်နေတယ်လို့ သိရပါတယ်။ ဆာကာ ဟာ တကယ်ကို လီဗာပူးနဲ့ အံဝင်နိုင်တဲ့ကစားသမားတစ်ယောက်ပါ။ ကျွန်တော်နားလည်ထားသလောက်ကတော့ အာဆင်နယ်နဲ့ နှစ်ရှည်စာချုပ် ချုပ်ဆိုဖြစ်ခဲ့တဲ့ နောက်ကွယ်မှာ အခြားအသင်းတွေနဲ့ ကစားသမားကြားဆွေးနွေးမှုတွေရှိနိုင်ပါတယ်။ လီဗာပူး ဟာ ဆာကာကို ပိုပြီးအဆင့်မြင့်တဲ့ ကစားသမားဖြစ်လာဖို့အတွက် လိုအပ်တာတွေလုပ်ဆောင်ပေးနိုင်ပါတယ်။ ဒါကြောင့် ဆာကာနဲ့ သူ့ရဲ့ ကိုယ်စားလှယ်တွေဟာ လီဗာပူးအသင်းကို စိတ်ဝင်စားလိမ့်မယ်လို့ ကျွန်တော်ပြောတာပါ လို့ဆိုခဲ့ပါတယ်။
ကလော့ကလဲ အာဆင်နယ်လူငယ်လေးနဲ့ပတ်သတ်ပြီး ပထမအကျော့မကစားခင်က အခုလိုမှတ်ချက်ပေးခဲ့ပါသေးတယ်။
အာဆင်နယ်အသင်းရဲ့တိုက်စစ်မှာ လူငယ်မျက်နှာသစ်လေးတွေ မြင်ရပါတယ်။ အဲ့ဒီထဲမှာ ဆာကာ နဲ့ စမစ်ရိုးတို့လို ထူးချွန်တဲ့ ကစားသမားလေးတွေအများကြီးပါပဲ လို့ ဆိုခဲ့တာပါ။
လီဗာပူးတို့အတွက်လဲ သူတို့ရဲ့ တိုက်စစ်ကို ထက်မြက်နေစေဖို့အတွက် လိုအပ်တာတွေကို မဖြစ်မနေလုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဒီတော့ ဆာကာခြေစွမ်းတက်နေချိန်မှာ သတင်းတွေထွက်လာတာ အဆန်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်းသတင်းတွေက ခိုင်ခိုင်မာမာထွက်လာတာ မဟုတ်သေးသလို အာဆင်နယ်ကလည်း သူတို့ရဲ့ လူငယ်ကြယ်ပွင့်ကိုအလွယ်တကူ လက်လွှတ်မှာ မဟုတ်သေးပါဘူး။
Leave a Reply