VAR ရဲ့ ဆုံးဖြတ်ချက်ကို လှောင်ပြောင်သွားတဲ့ဆေးဗားလ်
ကာရာဘောင်းဖလားဗိုလ်လုပွဲမှာ VAR ရဲ့ အဆုံးအဖြတ်ကြောင့် လူကာကူရဲ့သွင်းဂိုးက ငြင်းပယ်ခံခဲ့ရပေမယ့် ၊ ဝက်စ်ဟမ်းအသင်းဖက်ကို ပုံစံတူသွင်းယူခဲ့တဲ့မာနေးရဲ့ဂိုးကိုတော့ခွင့်ပြုပေးခဲ့တဲ့အပေါ်မှာ သီယာဂိုဆေးဗားလ်က လှောင်ပြောင်သွားခဲ့ပါတယ်။ ဆေးဗားလ်ရဲ့ ဆိုရှယ်မီဒီယာကတဆင့်ဟာသလုပ်မှုကို အားကစား website အများစုကလည်းပြန်လည်ဖော်ပြနေကြပြီး သူ့ရဲ့အမြင်ကို ထောက်ခံကြောင်းရေးသားနေကြပါတယ်။
ဒဏ်ရာကပြန်လာလာချင်းမှာပဲ ထိပ်တန်းခြေစွမ်းနဲ့မှတ်တမ်းတွေကို ရရှိသွားတဲ့ ဂျိမ်းစ်
နောက်ခံလူ ရိစ်ဂျိမ်းဟာ ဘန်လေကို အနိုင်ရခဲ့တဲ့ပွဲမှာ ခြေစွမ်းပြပြီး ဂိုးတွေသွင်း ၊ ဖန်တီးမှုတွေပြုလုပ်နိုင်ရုံမျှမကပဲ ခံစစ်ပိုင်းမှာလည်းမှတ်တမ်းကောင်းများစွာကိုရရှိခဲ့တယ်လို့သိရပါတယ်။ ဒဏ်ရာကနေပြန်လာနိုင်ခဲ့တဲ့ ဂျိမ်းစ်ဟာ ၇၈ ကြိမ်ဘောလုံးထိခဲ့ပြီး အမြင့်ဘော ၆ ကြိမ်ရှင်း ၊ အန္တရာယ်ရှိတဲ့ထိုးဖောက်မှုတွေကို ၂ ကြိမ်ရှင်းထုတ်နိုင်ခဲ့သလို ၊ တစ်ဦးခြင်းတွေ့ဆုံမှုတွေမှာလည်း ဖျက်ထုတ်မှုတွေလုပ်နိုင်ခဲ့ပါတယ်။
တူချယ်ရဲ့ ဆုံးဖြတ်ချက်တွေကို ထုတ်ဖော်ချီးကျူးခဲ့တဲ့ ဂျိုးကိုးလ်
တိုက်စစ်မှုးလူကာကူကို ချန်လှပ်ထားခဲ့ပြီး ဝါနာကို ပွဲထုတ်လာခဲ့ခြင်းဟာ တူချယ်ရဲ့ ကြီးမားတဲ့လုပ်ဆောင်ချက်တစ်ခုဖြစ်ကြောင်း ကစားသမားဟောင်း ဂျိုးလ်ကိုးက BT Sports ရဲ့အစီအစဥ်မှ တဆင့်မှတ်ချက်ပြုသွားခဲ့ပါတယ်။ ဒါ့အပြင် ဘန်လေကို ၄ ဂိုးပြတ်နိုင်ခဲ့တဲ့ပွဲမှာ အစွမ်းပြခဲ့တဲ့တိုက်စစ်ကစားသမားဟာဇက်ကိုလည်း ချီးကျူးပြောဆိုသွားခဲ့ပါတယ်။ “ တူချယ်က မလိုတာတွေကိုဖယ်ထုတ်လိုက်ပုံပါပဲ။ အားလုံးကသူ့ရဲ့လူစာရင်းကနေ မျှော်လင့်ချက်တွေကြီးနေကြတာကြောင့်လဲဖြစ်ပါလိမ့်မယ် “ ဆိုပြီးမှတ်ချက်ပြုခဲ့တာပါ။
ဘာစီလိုနာနဲ့ဆွေးနွေးနေပြီဖြစ်တဲ့ ခရစ်တီယန်ဆန်
ခရစ္စတီယန်ဆန်ဟာ ဘာစီလိုနာကိုပဲ အလွတ်နဲ့ပြောင်းရွှေ့ဖို့များနေပြီဖြစ်ကြောင်း ဖေဘရီဇီယိုရိုမာနိုကပြောဆိုလာခဲ့ပါတယ်။ အဆိုပါ နောက်ခံလူဟာ ပရီးမီးယားလိဂ်အသင်းများရဲ့ ကမ်းလှမ်းမှုကိုလဲရရှိခဲ့သေးပေမယ့် ကာလရှည်ကစားလာခဲ့တဲ့ ချဲလ်ဆီးအသင်းအပေါ်မှာလေးစားမှုရှိသောအားဖြင့် ပြည်ပအသင်းများဆီကိုသာထွက်ခွာမှာဖြစ်တယ်လို့လည်းသိရပါတယ်။
တူရကီသူဌေးနဲ့ ဆွေးနွေးနေပြီလို့ သတင်းတွေထွက်ပေါ်လာ
ချဲလ်ဆီးပိုင်ရှင် ရိုမန် အေဘရာမိုဗစ်ထံကနေ အသင်းကိုပြန်လည်ဝယ်ယူဖို့အတွက် တူရကီဘီလျံနာ မူရှင် ဘေယက်ခ် နဲ့ ဆွေးနွေးမှုတွေပြုလုပ်နေပြီဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။ ရိုမန်အနေနဲ့ အသင်းကို ကောင်းမွန်စွာစီမံနိုင်သူလက်ထဲကိုသာလွှဲပြောင်းမှာဖြစ်တယ်ဆိုတဲ့သတင်းများလည်းရှိထားပြီး ၊ ထိပ်တန်းဘီလျံနာများကလည်းအသင်းကိုပြန်လည်ဝယ်ယူဖို့စိတ်ဝင်စားနေကြပါတယ်။ အသင်းရဲ့တန်ကြေးကတော့ ၃ ဘီလီယံအထိရှိတယ်လို့သိရပါတယ်။
Leave a Reply