Movie Review – Free Guy (2021)

ကျွန်တော်တို့ရဲ့  Deadpool မင်းသားကြီး ရိုင်ရယ်ရေးနိုးစ်ရဲ့ ပျော်စရာကောင်းပြီးချစ်စရာလည်းကောင်းတဲ့ဇာတ်ကားသစ်လေး တစ်ကားထွက်ထားပါတယ်။ ခုတလော မရယ်ရတဲ့ဇာတ်ကားတွေ၊ စိတ်ကိုလေးလံစေတဲ့အကြောင်းအရာတွေပဲအကြည့်များနေတော့ ရေးနိုးကြီးရဲ့ ဒီဇာတ်ကားကိုတကယ်ပဲ သဘောတွေ့မိပါတယ်။ ဒီတော့ ဇာတ်ကားအကြောင်းမပြောခင် သင်ဟာပျော်စရာ၊ ရွှင်စရာလေးတွေရှာဖွေနေတယ်ဆိုရင် လတ်တလောမှာတော့ ဒီဇာတ်ကားလေးက အချိန်‌‌ပေးပြီးကြည့်ဖို့ အတော်လေး အဆင်ပြေပါတယ်။ 

ယောကျာ်းလေးအများစုက သူတို့ရဲ့အထက်တန်းကျောင်းသားဘ၀ ဒါမှမဟုတ်အလယ်တန်းကျောင်းသားဘ၀လောက်မှာ P2 ဂိမ်းဆိုင်မှာတစ်နာရီနှစ်ရာပေးပြီး ကားသူခိုးဂိမ်းလို့ ကျွန်တော်တို့အလွယ်ခေါ်တဲ့ GTA ဂိမ်းကို ဆော့ဖူးကြမယ်ထင်ပါတယ်။ ဂိမ်းထဲက Characterက စွပ်ကျယ်နဲ့လူမည်းအမျိုးသားလူမိုက်ကြီး ၊မြို့ထဲလျှောက်သွားတယ်။ ကားတွေလုတယ်၊ လူတွေသတ်တယ်။ လုပ်ချင်တာတွေလုပ်တယ်။ရဲတွေလိုက်ရင်ပြေးတယ်။ မနိုင်တော့ဘူးထင်ရင်တော့ “ရဲကြောက်” ခိုးရတာပေါ့။ ဂိမ်းခလုတ်တွေမှာ Hack တဲ့ကုဒ်တွေနှိပ်ရင်း ဆော့ခဲ့ရတာ အမှတ်တရပါပဲ။ 

အဲ့ဒီ့ဂိမ်းလေးထဲမှာ ဂိမ်း‌ဆော့တဲ့သူရဲ့ဇာတ်ကောင်အပြင်  NPC လို့ခေါ်တဲ့ Non-player character တွေပါတယ်။ အလွယ်ပြောရရင်‌တော့ကွန်ပျူတာတွေပေါ့ဗျာ။ NPC ကောင်မလေး‌တွေကမြို့ထဲမှာ နံ့တံ့ပျံ့တံ့နဲ့လျှောက်သွားနေမယ်။ လူမိုက်တွေကအုပ်စုဖွဲ့ပြီးစကားတွေပြောနေမယ်။ ကားမောင်းနေတဲ့သူတွေက မောင်းနေမယ်။ တကယ်လို့ ကျွန်တော်တို့ထိန်းချုပ်ဆော့နေတဲ့ လူမိုက်ဇာတ်ကောင်က သူတို့ကားကိုပိတ်ရပ်၊ သူတို့ကိုဆွဲချပြီး ကားလုသွားလည်းခံရတာပဲ။သေနတ်နဲ့ပစ်လည်း သူတို့ခမျာသွေးကန်လေးတွေထဲလဲလို့။ သူတို့ကို ​Programme ဆွဲထားတဲ့အတိုင်းပဲစကားပြောမယ်။ လမ်းလျှောက်နေမယ်။ပြေးနေမယ်။ သူတို့ရဲ့ဖြစ်တည်မှုက ဒီလောက်ပဲဖြစ်တယ်။ တကယ်လို့ သူတို့လေးတွေမှာ ရှင်သန်လှုပ်ရှားနေရတဲ့ ၊ ကျွန်တော်တို့ မမြင်နိုင်တဲ့ဘ၀လေးတွေရှိနေမယ်ဆိုရင်ရော ဒါမှမဟုတ် သူတို့ကတစ်နေ့မှာ သူတို့ရဲ့ဘ၀ကအတုအယောင်သက်သက်ပဲဆိုတာနားလည်ပြီး ဆန်းကြယ်တာတွေလုပ်လာမယ်ဆိုရင်ရော ဘာတွေဖြစ်လာမယ်ထင်လဲ။ 

Mini-Spoiler alert 

ဒီဇာတ်ကားထဲမှာ ရေးနိုးက Free City ဆိုတဲ့ဂိမ်းထဲက Guy ဆိုတဲ့ NPCတစ်ယောက်ဖြစ်တယ်။ သူကမနက်နိုးလာရင် သူ့အခန်းထဲကရွှေငါးလေးကို နှုတ်ဆက်‌နေကျစကားလုံးနဲ့ နှုတ်ဆက်မယ်။ နေ့တိုင်း၀တ်နေကြ အပြာရောင်ရှပ်အင်္ကျီကို၀တ်ပြီး အလုပ်လုပ်တဲ့ဘဏ်ကိုသွားမယ်။ သူ့အလုပ်က Bank Teller ၊ သူ့ရဲ့တစ်ဦးတည်းသောသူငယ်ချင်းက ဘဏ်လုံခြုံရေး Buddy ၊ သူတို့သူငယ်ချင်းနှစ်‌ယောက် အလုပ်လုပ်တဲ့ဘဏ်က ကမ္ဘာ‌ပေါ်မှာ ဓားပြအတိုက်ခံရဆုံးဘဏ်ပဲဖြစ်မယ်၊ ဘာလို့လဲဆိုတော့ တစ်နေ့ကိုသုံးလေးကြိမ်ထက်မနည်း အမြဲဓားပြတိုက်ခံရတယ်။ ‌နေကာမျက်မှန်တပ်ထားတဲ့လူမိုက်က သေနတ်ကြီးပစ်ဖောက်ပြီး၀င်လာရင် 

ဘဏ်မန်နေဂျာက သူရဲ့၀န်ထမ်းတွေကို အားလုံးငြိမ်ငြိမ်ပဲနေ၊ သူရဲကောင်းမလုပ်နဲ့ဆိုပြီးပြောလိမ့်မယ်။ အဲ့ဒီအချိန်ကျ Guyနဲ့ Buddyက ကြမ်းပြင်မှာပြားပြားလေး၀ပ်‌နေရတယ်။ ပြီးတော့guyသောက်နေကျ ကော်ဖီဆိုင်ရှိတယ်။အဲ့ဒီဆိုင်မှာလည်း ကော်ဖီကတစ်မျိုးပဲရတယ်။ဘယ်သူမှလည်းအခြားကော်ဖီပြောင်းမမှာဘူး၊ ဆိုင်ကလည်းအခြားကော်ဖီပြောင်းမရောင်းဘူး၊ အဲ့လိုမျိုးဆိုင်နဲ့ အဲ့လိုမျိုးသောက်သုံးသူတွေ။ 

Guyနဲ့ Buddyအလုပ်ကပြန်လာရင် လမ်းပေါ်မှာ နေကာမျက်မှန်၀တ်ထားတဲ့သူတွေက အမျိုးမျိုးသောင်းကျန်းနေကြတာပဲ။ အဲ့သူတို့ဘာလို့လုပ်ချင်တာလုပ်လို့ရနေလဲဆိုတာ Guy နဲ့ Buddyတို့ကောင်းကောင်းသိတယ်။ ဘာလို့လဲဆိုတော့ သူတို့ကနေကာမျက်မှန်တွေနဲ့သူတွေမို့ပဲ။ ဘာလို့နေကာမျက်မှန်တွေနဲ့သူတွေက ဘာလို့ဒီလိုလုပ်ချင်ရာလုပ်လို့ရနေလဲဆိုတာတော့ Guy လည်းထပ်မသိတော့ဘူး။ 

Guy က သူ့အိပ်မက်ထဲမှာမိန်းကလေးတစ်‌ယောက်ကိုမက်လေ့ရှိပြီး အဲ့ဒီ့မိန်းကလေးကသူ့ချစ်ရမယ့်သူလို့ Buddy ကိုပြောပြလေ့ရှိတယ်။ Buddy က‌တော့ပင်လယ်ကမ်း‌‌ခြေကိုသွားချင်တဲ့အကြောင်းပြန်‌ပြောလေ့ရှိတယ်။ တစ်နေ့မှာ Guy တစ်ယောက် အိပ်မက်ထဲကမိန်းကလေးနဲ့ လမ်းမှာတွေ့ပါလေရော အဲ့ဒီအချိန်မှာ Guyက သူတို့NPCတွေပြောနေကြစကားဖြစ်တဲ့ ကောင်းသောနေ့လေးမဖြစ်ပါစေနဲ့၊ အကောင်းဆုံးနေ့လေးဖြစ်ပါစေဆိုတဲ့စကားကို မပြောမိပဲ Programme မပေးထားတဲ့ စကားလေးတစ်ခုကို ပါးစပ်ကရေရွတ်မိသွားတယ်။ နေကာမျက်မှန်နဲ့ အဲ့ဒီ့မိန်းကလေးက Molotov Girlတဲ့။ အဲ့ဒီ Character ကိုဆော့နေတဲ့ သူက အပြင်မှာ Miillie လို့ခေါ်တဲ့ Programmerကောင်မလေး၊ သူမကအကြောင်းတစ်ခုနဲ့ ဒီဂိမ်းကိုဆော့နေတာ၊ ပြောရမယ်ဆိုရင်အဖြေတစ်ခုကိုရှာဖို့ဒီဂိမ်းကိုဆော့နေတာ။ 

Molotov girl လေးကိုဆုံမိတဲ့အချိန်ကစပြီး Guyရဲ့ခေါက်ရိုးကျိုးနေတဲ့ဘ၀က စတင်ပြောင်းလဲသွားတော့တာပဲ။ Guy တစ်ယောက်နေကာမျက်မှန်ကြီးတပ်ပြီးနောက်ပိုင်း ကော်ဖီဆိုင်ထဲမှာအခြားကော်ဖီမှာမိလို့ သူ့ကိုတင့်ကားကြီးနဲ့ချိန်တဲ့အခန်းဆို‌ တော်တော်ရယ်ရပါတယ်။ တစ်နေ့မှာတော့ Guyက သူတို့ဘဏ်ကိုဓားပြလာတိုက်တဲ့ဘဲဆီက နေကာမျက်မှန်ကိုချွတ်ပြီး သူ့ဆီမှာတပ်လိုက်တာကနေ  Guyရဲ့ဘ၀ကဇောက်ထိုးမိုးမျှော်ကြီးကို‌ပြောင်းလဲသွားတော့တာပဲ။။ဒီဇာတ်ကား‌ထဲမှာချစ်စရာကောင်းတာ၊ ပျော်စရာကောင်းတာတွေအများကြီးကိုပါပါတယ်။ နောက်ဆုံး ဖိုက်တင်ပလေးတဲ့ အခန်းဆိုလည်း အတည်လေးရယ်ရပြီး မမျှော်လင့်ထားတဲ့ Cameo တွေကိုလည်း တွေ့ရမှာပါ။

ဒီဇာတ်ကားကို ကြည့်နေရင်းနဲ့ Guyက ဂိမ်းထဲကနေ တကယ့်လက်တွေ့ဘ၀ထဲမှာ ရောက်လာမလားလို့ မဖြစ်နိုင်မှန်းသိပေမယ့်လည်း တွေးကြည့်မိလိုက်ပါသေးတယ်။ ဒါပေမယ့်လည်း  ဇာတ်သားလေးရဲ့ အဆုံးသတ်မှာတော့ ရယ်စရာကောင်းသလိုနဲ့ လွမ်းစရာကောင်းနေတာလား၊ လွမ်းစရာကောင်းသလိုနဲ့ ရယ်စရာပဲ ကောင်းသွားလားဆိုတာတော့ ကျွန်တော်လည်း မခွဲတတ်တော့ပါဘူး။ 

 ဒီတော့ဇာတ်ကားထဲမှာသာဆက်ကြည့်တော့လို့ပဲညွှန်းလိုက်ပါရစေ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: