ဂျာစီနဲ့ ကားတစ်စီးရှိနေသရွေ့ အသင်းအတွက် ဆက်လက်တိုက်ပွဲဝင်မယ်လို့ တူချယ်ပြော
နည်းပြတူချယ်က ချဲလ်ဆီးအသင်းရဲ့ ပိုင်ဆိုင်မှုနဲ့ သုံးစွဲခွင့်များကိုကန့်သတ်လိုက်ခြင်းကြောင့်များစွာ အခက်အခဲဖြစ်ခဲ့ရပေမယ့် သူ့အနေနဲ့ အသင်းရဲ့ကားတစ်စီးရှိနေရင်ပဲ အခြေအနေအရပ်ရပ်ကို ရအောင်ရင်ဆိုင်သွားမှာဖြစ်ကြောင်းပြောဆိုလာပါတယ်။
“ အသင်းက ကစားသမားတွေ ဝတ်ဖို့ ဂျာစီရယ် ၊ စီးဖို့ ဘတ်စ်ကားရယ်ရှိနေသေးသ၍ ကစားရမယ့်ပွဲတွေကို အကောင်းဆုံး ကြိုးစားသွားမယ် “ လို့ပြောဆိုလာတာဖြစ်ပါတယ်။ ဒါ့အပြင်အသင်းသားတွေအနေနဲ့ လုပ်ဆောင်စရာရှိတာတွေကို အာရုံစိုက်ထားကြကြောင်းကိုလဲ ပြောဆိုသွားခဲ့ပါတယ်။
Trivago ခရီးသွားလုပ်ငန်းက ချဲလ်ဆီးကို ဆက်လက်ထောက်ပံ့သွားမယ်
Three UK ဖက်က စပွန်ဆာရုပ်သိမ်းသွားပေမယ့် ခရီးသွားလုပ်ငန်းဖြစ်တဲ့ Trivago က ဆက်လက်လက်တွဲသွားမှာဖြစ်ကြောင်းကြေငြာသွားခဲ့ပါတယ်။ ဒါကြောင့် ဆက်လက်ကစားရမယ့်ပွဲတွေမှာ 3 ဆိုတဲ့ လိုဂိုအစား Trivago ရဲ့ စာသားကို ပြောင်းလဲမြင်တွေ့ရတော့မှာဖြစ်ပါတယ်။
ဖြစ်ပျက်နေတာတွေကိုနားလည်ထားပေမယ့် ကွင်းတွင်းရလဒ်တွေအတွက် အကောင်းဆုံးကစားပေးမယ်လို့ မေဆင်မောင့် ကတိပြု
အသင်းရဲ့ ကွင်းလယ်ကစားသမားဖြစ်တဲ့ မေဆင်မောင့်က သူ့အနေနဲ့ ဖြစ်ပျက်နေတဲ့ပြသနာများကြားထဲကနေပြီး အသင်းအတွက် အာရုံစူးစိုက်ကြိုးစားသွားမှာဖြစ်တဲ့အကြောင်း Mailonline မှတဆင့်ပရိတ်သတ်တွေကို အသိပေးလာပါတယ်။
“ ကွင်းပြင်ပမှာကတော့ ကိစ္စပေါင်းများစွာဖြစ်ပေါ်နေပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ဘာတွေဖြစ်နေတယ်ဆိုတာလဲ သိနေရတာမို့ အာရုံစူးစိုက်ရတော့ခက်ခဲပါတယ်။ ဒါပေမယ့် အခက်အခဲကြားထဲကပဲ ပွဲကောင်းတစ်ပွဲကိုရရှိခဲ့ပါတယ်။ (နောဝစ်ချ်နဲ့ပွဲကိုဆိုလို) ရှေ့ဆက်ပြီးတော့လဲ ကျွန်တော်တို့လုပ်နိုင်တဲ့ ကွင်းတွင်းကိစ္စများအတွက် အာရုံစိုက်ထားပါ့မယ် “ လို့ပြောဆိုလာတာဖြစ်ပါတယ်။
ပူတင်မှာတာဝန်အရှိဆုံးလို့ လီဗာပူးနည်းပြ ကလော့ကပြောဆိုပြီး UK အစိုးရရဲ့လုပ်ဆောင်ချက်ကို ထောက်ခံခဲ့
လီဗာပူးနည်းပြ ကလော့ပ်က တူချယ်အတွက်ကိုယ်ချင်းစာမိကြောင်းထုတ်ပြောလာသလို ၊ တာဝန်အရှိဆုံးက ပူတင်ဖြစ်ကြောင်း နဲ့ UK အစိုးရရဲ့လုပ်ဆောင်ချက်ကိုလည်းထောက်ခံခဲ့ပါတယ်။
“ ဒီကိစ္စမှာ တာဝန်အရှိဆုံးလူက ဗလာဒီမာ ပူတင်ပါပဲ။ အသင်းနဲ့ပတ်သတ်တဲ့ ကစားသမားတွေ ၊ ဝန်ထမ်းတွေဟာ ဘာမှမသက်ဆိုင်ကြပါဘူး။ ရိုမန်အေဘရာမိုဗစ်က ဘယ်လိုပါဝင်ပတ်သတ်နေလဲတော့ကျွန်တော်မသိပါဘူး။ နှစ်ပေါင်းများစွာဆက်ဆံရေးမှာ နီးစပ်မှုတစ်ခုတော့ရှိပါလိမ့်မယ်။ UK အစိုးရအနေနဲ့ ၁၀၀%မှန်ကန်တဲ့လုပ်ရပ်ကိုလုပ်လိုက်တယ်လို့မြင်မိပါတယ်။ ပရိတ်သတ်တွေအတွက်တော့ တကယ်စိတ်မကောင်းစရာပါ “ လို့ ပြောဆိုသွားခဲ့ပါတယ်။
ချဲလ်ဆီးအနေနဲ့ ရာသီသစ်မှာ အငှားချလူငယ်များကို အားကိုးရဖွယ်ရှိ
ချဲလ်ဆီးအနေနဲ့ ကန့်သတ်ချက်များကြောင့် ကစားသမားသစ်ခေါ်ယူခွင့်မရှိတော့ပါက အငှားချကစားသမားများရဲ့ အင်အားနဲ့ လက်ကျန်ကစားသမားများပေါင်းစပ်ကာ ရာသီသစ်ကိုဖြတ်သန်းရဖွယ်ရှိကြောင်းသိရှိရပါတယ်။ ချဲလ်ဆီးရဲ့ အငှားချကစားသမားတွေထဲမှာတော့ ဂယ်လက်ဂါ ၊ ဘရိုဂျာ ၊ ဂေးမားတို့လို ကစားသမားတွေပါဝင်နေပါတယ်။
Leave a Reply