အာဆင်နယ်ကနေ မာဆေးလ်ကို အငှားထွက်ကစားနေတဲ့ လူငယ်ခံစစ်ဗဟိုကစားသမား ဆလီဘာကတော့ မာဆေးလ်မှာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပြီး ပြင်သစ်လက်ရွေးစင်အသင်းမှာလည်း ပထမဆုံးအနေနဲ့ ရွေးချယ်ခံခဲ့ရပါတယ်။
အာတီတာက နောက်ဘောလုံးရာသီမှာ ဆလီဘာကို အသင်းဆီ ပြန်ခေါ်ဖို့ သေချာသလောက်ရှိပေမယ့် ဆလီဘာကတော့ ပြင်သစ်မြေမှာ ဆက်နေဖို့ ဆန္ဒရှိနေပတဲ့ပုံပါပဲ။ ပြင်သစ်အသင်းနဲ့အတူ ကစားရမယ့် နိုင်ငံတကာပွဲစဉ်တွေမတိုင်မီမှာ ဆလီဘာက သူ့အနေနဲ့ နောက်ရာသီအတွက် မာဆေးလ်အသင်းကို ဆွေးနွေးမှုတွေလုပ်ဖို့ တံခါးဖွင့်ပေးထားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒါဟာ အနာဂတ်အတွက် အပြီးသတ်ဆုံးဖြတ်ချက် ချထားတာမျိုးမဟုတ်သေးပဲ ဘောလုံးရာသီအကုန် အာဆင်နယ်အသင်းနဲ့ ဆွေးနွေးမှုတွေ ပြီးမှသာ ဆလီဘာဟာ သူ့ရဲ့အနာဂတ်ကို ဆက်လက်ဆုံးဖြတ်ဖွယ်ရှိပါတယ်။
“ကျွန်တော် ဒီ(မာဆေးလ်)မှာ နေရတာ ပျော်ရွှင်နေတယ်ဆိုတဲ့ ခံစားချက်ကို မဖုံးကွယ်ထားပါဘူး။ဒါပေမယ့် ကျွန်တော်ရဲ့အနာဂတ်ကို ကျွန်တော် သေချာမသိသေးပါဘူး”
“ကျွန်တော့်အထင် မေလကုန်၊ ဇွန်လအစလောက်မှာ အာဆင်နယ်၊ မာဆေးလ်တို့နဲ့ ဆွေးနွေးမှုတွေ လုပ်ဖြစ်မယ်ထင်ပါတယ်။ အဲ့ဒီတော့မှပဲ ကျွန်တော်တို့ ဆုံးဖြတ်ချက် ချကြမှာပါ။ ဒါပေမယ့် ဒီ(မာဆေးလ်)မှာ ဆက်နေရမယ်ဆိုလည်း ဆိုးတဲ့အကြံတော့မဟုတ်ပါဘူး။ ကျွန်တော် ဒီမြို့ကိုသိတယ်၊ အသင်းဖော်တွေကိုသိတယ်၊ နည်းပြတွေကို သိတယ်”
“ဒါပေမယ့် ဒါဟာ ကျွန်တော့်အပေါ်ပဲ မူတည်နေတာတော့ မဟုတ်ပါဘူး။
ဘာတွေ ဆက်ဖြစ်မလဲဆိုတာတော့ ကျွန်တော်တို့ ဆက်စောင့်ကြည့်ကြတာပေါ့။ အာဆင်နယ်အသင်းက ခွင့်ပြုချက်ပေးမလားဆိုတဲ့ အပေါ်လည်း ကျွန်တော်ရဲ့ဆုံးဖြတ်ချက်က မူတည်ပါသေးတယ်”
ဆလီဘာအနေနဲ့ ပြင်သစ်မြေမှာ အသားကျပြီး ပျော်ရွှင်နေတဲ့အတွက် အမ်းမရိတ်ကို ပြန်လာဖို့ စိတ်ကူးသိပ်မရှိဟန်တူပါတယ်။ အာဆင်နယ်မှာလည်း ဂါဘရီယယ်လ်၊ဘန်ဝှိုက်တို့ရဲ့ ဗဟိုခံစစ်အတွဲအဖက်က အကောင်းဆုံး ခြေစွမ်းပြနေတာကြောင့် ဆလီဘာအတွက် ပုံမှန်ပွဲထွက်ခွင့်ရဖို့ မသေချာတဲ့ အနေအထားမှာ ရှိနေပြီး ပြင်သစ်သားလေးကလည်း အမ်းမရိတ်ရဲ့ အရန်ခုံမှာ ထိုင်နေဖို့ထက် လက်ရှိ သူ အသားကျပျော်ရွှင်နေတဲ့ မာဆေးလ်မှာပဲ ဆက်ရှိနေဖို့ များပါတယ်။
ဂွမ်ဒိုဇီကို မာဆေးလ်ဆီ လက်လွှတ်ထားရတဲ့ အာဆင်နယ်ကတော့ နောက်ထပ် လူငယ်ကြယ်ပွင့်တစ်ယောက်ကို အပြီးသတ်လက်လွှတ်ဖို့တော့ မသေချာလှပါဘူး။ အသင်းမှာလည်း ဆလီဘာကို ပုံမှန်နေရာမပေးနိုင်သေးဘူးဆိုရင်တော့ မာဆေးလ်ဆီ ဒါမှမဟုတ် ပရီးမီးယားလိဂ် တစ်သင်းသင်းမှာ နောက်ရာသီထပ်ပြီး အငှားချတာမျိုးဖြစ်နိုင်ပါတယ်။
ဆာလီဘာကို ပြင်သစ်မြေမှာ ဆက်ပြီး အငှားချတာကတော့ အကောင်းဆုံး အကြံဉာဏ်တစ်ခုမဖြစ်နိုင်ပါဘူး။ ဆလီဘာဟာ လီဂူး၀မ်းမှာ အကောင်းဆုံးခြေစွမ်းပြခဲ့ပြီးဖြစ်ပါတယ်။သူ့ရဲ့ ခြေစွမ်းကို ထပ်မံသက်သေပြဖို့အတွက် ပရီးမီးယားလိဂ်ကလွဲ အခြားနေရာမရှိဘူးလို့ပဲ ဆိုပါရစေ။ ကျန်တာကတော့ အာတီတာတို့ လူစုရဲ့ ဆုံးဖြတ်ချက်ကိုပဲ ကြည့်ကြတာပေါ့။
Leave a Reply