အေစီမီလန်တို့ဟာ ဘရုဂျက်က လူငယ်တိုက်စစ်မှူး ချားလ် ဒီ ကိတ်တလားကို ခေါ်ယူဖို့အတွက် ကြိုးစားနေခဲ့တာ ကာလ အနည်းငယ် ကြာလာပြီဖြစ်ပေမဲ့ ရှေ့ဆက်နိုင်ခြင်းမရှိဘဲ တန့်နေတဲ့အခြေအနေနဲ့ ကြုံနေရပါတယ်။ ကစားသမားဖက်က တော့ အခြားအသင်းတွေထက် မီလန်ကို ပိုသဘောကျပေမဲ့ ဘရုဂျက်အသင်းကတော့ ပြောင်းရွှေ့ကြေးမှာ တင်းခံနေတာပါ။ ဒါကြောင့်လည်း ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီဖို့ အဆင်ပြေပေမဲ့ ကြာမြင့်နေတာဖြစ်ပါတယ်။
ဒီကစားသမားကို လိဒ်ယူနိုက်တက်အသင်းက ခေါ်ယူဖို့ လိုလားနေပြီး လိဒ်တို့ ပေးတဲ့ ပြောင်းရွှေ့ကြေးက ဘရုဂျက်လိုချင်တဲ့ စျေးနှုန်းနဲ့လည်း ကိုက်ညီနေတာဖြစ်ပေမဲ့ ကစားသမားကတော့ လိဒ်ထက်စာရင် အေစီမီလန်ကိုပဲ ပြောင်းရွှေ့ချင်နေတာပါ။ ဒါပေမဲ့ မီလန်တို့ကလည်း ဘရုဂျက်လိုချင်တဲ့ ပြောင်းရွှေ့ကြေးကို ပေးဖို့ အနည်းငယ်တွေဝေနေတဲ့ အနေအထားမှာရှိတယ်လို့ သတင်းတွေက ဆိုပါတယ်။
မနေ့က ဆွစ်ဇာလန်နိုင်ငံ၊ လူဂါနိုမှာရှိတဲ့ ဟိုတယ်တစ်ခုမှာ မာလ်ဒီနီ၊ မက်ဆာရာတို့နဲ့ ဘရုဂျက်တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ MilanNews ကဆိုပါတယ်။ အဲဒီမှာ ဘရုဂျက်ဖက်က ကနဦး ယူရို သန်း ၄၀ တောင်းဆိုခဲ့ပေမဲ့ ယူရို ၃၅ သန်းထိလျော့ချပေးခဲ့ပြီး မီလန်က အပိုဆောင်းကြေးအပါ ယူရို ၃၂-၃၃ သန်းထိ တိုးတက်ပေးထားခဲ့ကြပေမဲ့ ထပ်ပြီး ဘရုဂျက်ဖက်ကလည်း မလျော့ပေးလိုတော့သလို၊ မီလန်ဖက်ကလည်း တိုးမြှင်မပေးလိုတော့တာကြောင့် လိပ်ခဲတည်းလည်းအခြေအနေနဲ့ ပြီးဆုံးခဲ့တာဖြစ်ပါတယ်။
Leave a Reply