(ဆောင်းပါးရှင် – မိုးညီထက်နိုင်)
မီလန်တို့ ခေါ်ယူချင်နေတဲ့ ဘရုဂျက်က တိုက်စစ်မှူး ချားလ် ဒီ ကိတ်တလား ဆိုတဲ့ လူငယ်ကစားသမားလေးကို အားလုံး အနည်းနဲ့ အများတော့ ရင်းနှီးကြလောက်ပြီထင်ပါတယ်။ ဒီကစားသမားလေးကို မီလန် နဲ့ လိဒ်ယူနိုက်တက်တို့ အပြိုင် ကြိုးစားနေကြပါတယ်။ ဘာကြောင့်များ ဒီ အသက် ၂၁ နှစ်ပဲရှိသေးတဲ့ လူငယ်လေးကို မီလန်လို အသင်းက အစ အပြိုင်ခေါ်နေကြတာလဲ။ သူက ဘာတွေလုပ်နိုင်သလဲ။ ဒါလေးကို ဒီနေ့ ပြောကြည့်မှာဖြစ်ပါတယ်။
အရင်ဆုံး သူ့အကြောင်း အကျဉ်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။

သူက ဘယ်လ်ဂျီယံ၊ ဘရုဂျက်မြို့မှာပဲ မွေးပါတယ်။ အသက်က အခုအချိန်မှာ ၂၁ နှစ်ပါ။ ဘရုဂျက်အကယ်ဒမီကနေပဲ ထွက်တဲ့ လူငယ်လေးဖြစ်ပါတယ်။ စီနီယာကစားသမားဘ၀ကို ၂၀၁၉ မှာ စတင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၁-၂၂ ရာသီမှာ တော့ သူက သွင်းဂိုး ၁၈ ဂိုးသွင်းပေးနိုင်ခဲ့ပြီး ခြေစွမ်းနဲ့အတူ နာမည်တက်လာခဲ့တာဖြစ်ပါတယ်။
လက်ရှိအနီးစပ်ဆုံး ကလပ်ကတော့ မီလန်ပါ။ သူ့ကို ခေါ်ယူနိုင်ဖို့ အချိန်ပိုင်းပဲ လိုတော့တယ်လို့ ဆိုနိုင်ပါတယ်။
တကယ်တော့ ကိတ်တလားဟာ လူငယ်ကစားသမားဘ၀အချိန် အများစုမှာ ကွင်းလယ်တိုက်စစ် ကစားသမားအဖြစ် ကစားခဲ့တာပါ။ ဒါကြောင့်လည်း သူ့ရဲ့ ဘောလုံးထိန်းသိမ်းပုံတွေ၊ အကျဉ်းအကြပ်ထဲမှာ လှုပ်ရှားပုံ၊ လှည့်စားကျော်ဖြတ်ပုံတွေက သေသပ်နေတာဖြစ်နိုင်ပါတယ်။ အဲဒီအပြင် အဝေးကန်ချက်တွေ လည်း သေသေသပ်သပ်ရှိသလို၊ ဖန်တီးမှုတွေ၊ ဘောလုံးပေးပို့မှုနဲ့ အမြင်တွေမှာလည်း အသက်နဲ့ ယှဉ်ရင် အားရစရာ အများကြီးရှိပါတယ်။

ကိတ်တလားက ဘယ်ခြေသန်ကစားသမားဖြစ်ပါတယ်။ အဓိကအားဖြင့်တော့ ကွင်းလယ်တိုက်စစ်နေရာကနေ ကစားခဲ့ပေမဲ့ ပြီးခဲ့တဲ့ ရာသီကနေ စလို့ အ ထောင်တိုက်စစ်မှူး (CF) အဖြစ်လည်း ကစားရသလို၊ ဘယ်ခြမ်းတိုက်စစ်၊ ညာခြမ်း တိုက်စစ် နေရာအနှံ့မှာ ထွက်ကစားခဲ့ရပါတယ်။ဒီအခါမှာတော့ သူ့ရဲ့ ကျွမ်းကျင်မှုတွေထဲမှာ ဂိုးသွင်းသေသပ်၊ သေချာတဲ့ အရည်အချင်းကိုပါ ဖော်ထုတ်နိုင်ခဲ့ပြီး ဂိုးတွေ ရရှိလာပါတော့တယ်။ သူက ကွင်းလယ်တိုက်စစ်ကနေ အသွင်းပြောင်းလာတဲ့ တိုက်စစ်မှူးဖြစ်လို့ ဖန်တီးမှုတွေ ပြုလုပ်ဖို့၊ အခွင့်သာတဲ့သူကိုချပေးဖို့၊ တွဲကစားဖို့ကို ဝန်မလေးပါဘူး။ ဒါကြောင့် တချို့သော Selfish တိုက်စစ်မှူးတွေနဲ့ ကွဲထွက်နေမှာဖြစ်ပါတယ်။
သူ့ကို အထောင်တိုက်စစ်မှူးအဖြစ် ပြိုင်ဖက်ရဲ့ ဂိုးဧရိယာထဲမှာ နည်းပြက နေစေရတဲ့ အကြောင်းအရင်းတွေထဲမှာ ရွေ့လျားပုံကောင်းမွန်တာ၊ အမြင်ရှိတာ၊ နေရာယူတတ်တာ၊ အနီး၊ အကျဉ်းတွေထဲမှာ ဘောလုံးထိန်းသိမ်းကိုင်တွယ်ပုံ သေသပ်တာ စတဲ့အရည်အချင်းတွေအပြင် ၆ ပေ ၄ လက်မရှိတဲ့ အရပ်အမောင်း ကြောင့်လည်း ပါဝင်ပါတယ်။

ဘယ်ခြေသန်ကစားသမားဆိုပေမဲ့ ညာခြေနဲ့လည်း သေသေသပ်သပ်ကစားနိုင်ပြီး Footwork ကောင်းကောင်းလေးတွေနဲ့ ပြိုင်ဖက်ကို ကျော်ဖြတ်သွားနိုင်ပါ တယ်။ အရပ်အမောင်းမြင့်မားတဲ့ ကစားသမားတွေရဲ့ ထုံးစံအတိုင်း မြန်နှုန်းက တော့ အရမ်းမမြင့်လှပေမဲ့ ကောင်းမွန်သင့်တင့်တဲ့ အနေအထားမှာရှိပါတယ်။ တောင့်တင်းတဲ့ တည်ဆောက်ပုံရှိတာကြောင့် တော်ရုံဖိအားပေးမှုကို ခံနိုင်ရည် ရှိတဲ့ ကစားသမားမျိုးပါ။ ဖန်တီးမှုပို်ငးမှာလည်း ကောင်းမွန်တဲ့အတွက် ဘယ်လ်ဂျီယံရဲ့ ဒီဘရိုင်းလက်သစ်လို့လည်း ခေါ်ကြပါသေးတယ်။ လီဗာပူးအသင်းကပါ စိတ်ဝင်စားခဲ့ဖူးတဲ့ အရည်အသွေးမြင့် လူငယ်ပါ။
မီလန်တို့ဟာ အသင်းမှာ အသက်အားဖြင့် ၄၀ ရှိနေပြီဖြစ်တဲ့ ဇလာတန်ကို စာချုပ် ဆက်ချုပ်ထားရပြီး ညာတောင်ပံကို အင်အားဖြည့်တင်းဖို့ရော၊ ကွင်းလယ် တိုက်စစ်ကို အင်အားဖြည့်တင်းဖို့ရော၊ ဗဟိုခံစစ်ကို အင်အားဖြည့်တင်းဖို့ပါ လိုအပ်နေတာပါ။
ဒါပေမဲ့ တကယ်တမ်း ကိတ်တလားကိုသာ ခေါ်ယူနိုင်မယ်ဆိုရင် ညာခြမ်းလည်း ထွက်ကစားနိုင်၊ ကွင်းလယ်တိုက်စစ်မှာလည်း ကစားနိုင်၊ အထောင်တိုက်စစ်မှူး အဖြစ်လည်းကစားနိုင်၊ နောက်ချန်တိုက်စစ်မှူးအဖြစ်လည်း ကစားတတ်တာ ဖြစ်လို့ အသင်းအတွက် အတော်လေးကို အားကိုးလို့ရစေမယ့် ခေါ်ယူမှုဖြစ်လာ စေမယ်လို့ ယူဆရပါတယ်။

ဒါကြောင့်လည်း အသင်းဒါရိုက်တာတွေဖြစ်တဲ့ မာလ်ဒီနီနဲ့ မက်ဆာရာတို့က ကိတ်တလားကို မရရအောင် ခေါ်ယူဖို့ ကြိုးစားနေတာဖြစ်ပါတယ်။
လိဒ်တို့က ဘရုဂျက်လိုချင်တဲ့ စျေးကို ပေးပြီး ခေါ်ယူနေပေမဲ့ ကိတ်တလားကိုယ်တိုင်က မီလန်ကို လာချင်နေတာကြောင့်သာ အဲဒီအပြောင်းအရွှေ့က မဖြစ်ခဲ့တာပါ။ ဒါကို ကြည့်မယ်ဆိုရင်သူဟာ နှလုံးသားထဲမှာ မီလန်သားတပိုင်းဖြစ်နေပြီလို့ ရှုမြင်နိုင်ပါတယ်။
ကျွန်တော်နားလည်ထားသလောက်ဆိုရင် မကြာခင် နာရီပိုင်း၊ ဒါမှမဟုတ် ရက်ပိုင်းအတွင်းမှာ ကိတ်တလား မီလန်ကို အပြောင်းအရွှေ့ဖြစ်လာတော့မှာ ဖြစ်လို့ ရာသီသစ်မှာ ဒီချာတိတ် ဘယ်လောက် အလုပ်ဖြစ်မလဲ၊ ဘာတွေလုပ်ပြမလဲဆိုတာကို စောင့်မျှော်ကြရတော့မှာသာ ဖြစ်ပါကြောင်း
Leave a Reply