ရေးပါလာက အာဆင်နယ်ဟာ ဒီနွေမှာ ကစားသမားအင်အဖြည့်တင်းထားတာကြောင့် လာမယ့်ရာသီမှာ ထိပ်သီးလေးသင်းစာရင်း ၀င်နိုင်မယ်လို့ ယုံကြည်နေပါတယ်။ ဂန်းနားဟောင်းကြီးဟာ သူရဲ့ အသင်းဟောင်းက ဒီနွေမှာ ကစားသမားကောင်းတွေ ခေါ်ယူနေတာကို စောင့်ကြည့်နေပြီး လာမယ့် ရာသီအတွက် စိတ်လှုပ်ရှားနေတယ်လို့ ဆိုပါတယ်။
လက်ရှိပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးအသင်းတွေ ဖြစ်တဲ့ မန်စီးတီး၊ လီဗာပူးလ်တို့ဟာလည်း ဒီနွေမှာ ကစားသမားခေါ်ယူမှုတွေ ပြုလုပ်ထားခဲ့ပါတယ်။ ရေးပါလာကတော့ ဒီနှစ်သင်းဟာ လာမယ့်ရာသီမှာ အဆင့်တစ်နဲ့ အဆင့်နှစ်နေရာတွေကို ရရှိလိမ့်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။
အာဆင်နယ်တို့ဟာ အဆင့်သုံးနေရာနဲ့ အဆုံးသတ်နိုင်မှာဖြစ်ပြီး ခါးသီးတဲ့ မြို့ခံပြိုင်ဘက်စပါးကတော့ အဆင့်လေးနေရာ ရလိမ့်မယ်လို့ ရေးပါလာက ဆိုပါတယ်။ သူရဲ့ခန့်မှန်းချက်အရ ချဲလ်ဆီး၊မန်ယူတို့ဟာ ချန်ပီယံလိဂ်၀င်ခွင့်နဲ့ လွဲချော်မှာဖြစ်ပြီး ယူရိုပါလိဂ်၀င်ခွင့်နဲ့သာ ကျေနပ်ရလိမ့်မယ်လို့ ဆိုပါတယ်။

“(လာမယ့် ပရီမီးယားလိဂ် ပြိုင်ပွဲမှာ) မန်ချက်စတာ စီးတီးက အနိုင်ရမယ်လို့ ထင်ပါတယ်။ ပြီးရင်တော့ ဒုတိယက သေချာပေါက် လီဗာပူးလ်ပေါ့။ အာဆင်နယ်က အဆင့်သုံးနေရာကို မှန်းရလိမ့်မယ်လို့ ထင်ပါတယ်။ ဒါက သူတို့ရဲ့ ရည်မှန်းချက်ဖြစ်မှာပါ။ ကစားသမားအားလုံး ကြံခိုင်နေရင်၊ နောက်ထပ်ကစားသမားတစ်ယောက်ထပ်ခေါ်နိုင်ရင် သူတို့မှာ သင့်လျော်ကောင်းမွန်တဲ့ လူစာရင်းတစ်ခု ရှိပါပြီ“
“ဒီတော့ ကျွန်တော်က အာဆင်နယ်ကို အဆင့်သုံး ရမယ်လို့ထင်ပါတယ်။ပြီးရင်တော့ စပါးက အဆင့်လေးပေါ့။ ချဲလ်ဆီးကတော့ ဒီနွေမှာ ကစားသမားအချို့ ခေါ်ယူခဲ့ပေမယ့် နောက်ထပ်ခေါ်ယူမှာအချို့ မပြုလုပ်နိုင်ရင် လာမယ့်ရာသီမှာ ရုန်းကန်ရမယ်လို့ ထင်ပါတယ်“လို့ ရေးပါလာက ဆိုပါတယ်။
လာမယ့်ရာသီ ထိပ်သီးလေးသင်းစာရင်း၀င်ဖို့ တိုက်ပွဲဟာ မနှစ်ကထက် ပိုမို ပြင်းထန်လာဖို့ ရှိနေပါတယ်။ ဒါပေမယ့် မနှစ်ကထက်စာရင် ဒီနှစ်မှာ အသင်းရဲ့လူစာရင်းဟာ အများကြီး ပိုကောင်းမွန်လာခဲ့ပြီဖြစ်တာကြောင့် အာဆင်နယ်အနေနဲ့ လာမယ့်ရာသီ ပရီးမီးယားလိဂ်မှာ ထိပ်သီးလေးသင်းစာရင်း၀င်ဖို့ ရည်ရွယ်ပြီး ယှဉ်ပြိုင်ရမှာပဲ ဖြစ်ပါတယ်။
Leave a Reply