သူကကျွန်တော့်ကို ခေါ်ယူခဲ့တယ်။ ယူနိုက်တက်လို ကြီးကျယ်ခန်းနားတဲ့အသင်းမှာ ကစားခွင့်ပေးခဲ့တယ်။ အိမ်မက်တွေကို လက်တွေ့ဖြစ်လာစေခဲ့တယ် လို့ Sky Sports ကိုဘရူနိုကပြောပါတယ်။ သူကတကယ့်ကို ကြီးကျယ်ခန်းနားတဲ့လူသားတစ်ဦးဖြစ်သလို အားလုံးလဲ ဒါကိုသိရှိထားပါတယ် လို့ဆက်လက်ဖြည့်စွက်ပြောသွားခဲ့တာပါ။
ဆိုးရှားဟာ အသင်းကို ကြီးမားတဲ့တိုးတက်မှုတွေယူဆောင်လာသူဖြစ်ပြီး သူ့ရဲ့လုပ်ဆောင်ချက်တွေအတွက် ချီးကျူးခံရဖို့သင့်ကြောင်း ပေါ်တူဂီကွင်းလယ်လူကပြောလိုက်တာဖြစ်ပါတယ်။ မျှော်လင့်ချက်ကြီးကြီးမားမားရှိထားတဲ့အသင်းတစ်သင်းရဲ့ထိပ်ဆုံးနေရာဆိုတာကတော့ ပူလောင်မှုတွေရှိနေမှာဖြစ်သလို အိုလီကိုယ်တိုင်ရဲ့အားနည်းချက်တွေကလည်း သူ့ကိုယ်သူပါပိုဆိုးစေပါတယ်။ ဒါပေမယ့် ဘရူနိုကတော့ မြို့ခံပြိုင်ဘက်နဲ့ပွဲမတိုင်ခင်မှာ အခုလိုထုတ်ပြောသွားခဲ့တာဖြစ်ပါတယ်။
ဆိုးရှားဟာ နောက်ဆုံးပွဲစဥ် ၁၀ ပွဲမှာတော့ ၄ ပွဲရှုံး ၂ ပွဲသရေ နဲ့ ၄ ပွဲနိုင်ထားပါတယ်။ ယူနိုက်တက်လိုအသင်းတစ်သင်းအတွက် ဒီအရာတွေက မလုံလောက်ခဲ့တာ သူကိုယ်တိုင်လဲသိမှာပါ။ ပိုဆိုးချင်တော့ နိုင်ငံတွင်းရာဇဝင်ပြိုင်ဖက် လီဗာပူးကိုလည်း အိမ်ကွင်းမှာ ၀-၅ နဲ့ရှုံးနိမ့်ခဲ့ရပါတယ်။
ပရိတ်သတ်တွေက ဖြစ်ချင်တဲ့ရလဒ်တွေဖြစ်မလာတဲ့အခါ စိတ်ပျက်လက်ပျက်ဖြစ်ကြတယ်ဆိုတာပုံမှန်ပါပဲ။ ဒီလိုအခြေအနေတွေအတွက် နည်းပြကို အပြစ်တင်လိုက်ရတာသိပ်လွယ်တာပေါ့ဗျာ။ ကျွန်တော်တို့တွေ ကွင်းထဲမှာ ခုထက်ပိုပြီးကောင်းအောင်လုပ်ဆောင်နိုင်ဖို့လဲ လိုပါတယ်။
၄-၂-၃-၁ နဲ့ကျွန်တော်တို့ ကစားနေတာ ၃ နှစ်ရှိပြီ။ ဗိုလ်လုပွဲအချို့ကိုရောက်ခဲ့တယ်။ ရလဒ်တွေလိုချင်သလိုမဖြစ်ခဲ့တာနားလည်ပါတယ်။ ဒါပေမယ့်ကျွန်တော်တို့မနှစ်က ဒုတိယရခဲ့တယ်ဗျာ .. ဒါဘယ်သူမှ ထင်မထားတဲ့ရာသီသိမ်းရလဒ်တစ်ခုဖြစ်ခဲ့တာပဲ။
ပြီးခဲ့တဲ့ရာသီမှာ ဖာနန်ဒက်စ်ဟာ အသင်းအတွက် ဂိုးပေါင်း ၄၆ ဂိုးမှာပါဝင်ပတ်သတ်ခဲ့ပြီး ဒီရာသီမှာလည်း ဘရူနိုက ၄ ဂိုးသွင်း ၇ ကြိမ်ဖန်တီးပေးထားပြီး စံချိန်ကောင်းတွေကို ဆက်လက်သယ်ဆောင်ထားနိုင်ဆဲပါ။
နောက်ဆုံး ၂ ပွဲမှာ ကျွန်တော်တို့အားလုံးဟာ ပိုပြီးထိရောက်ခဲ့ကြတယ်လို့ထင်ပါတယ်။ ဒါဟာကစားပုံပြောင်းလိုက်တာကြောင့်မဟုတ်ပါဘူး။ ကစားသမားတစ်ယောက်ခြင်းစီဟာ ကိုယ့်ဟာကိုယ်ပိုကောင်းလာအောင်ပြင်ဆင်ကြိုးစားနေကြပါတယ်။ အသင်းအတွက်လိုအပ်တာတွေလုပ်နေကြပါတယ်။
ဘရူနိုအခုလိုထုတ်ပြောလာတာဟာ အသင်းအတွင်းမှာစည်းလုံးညီညွှတ်မှုရှိနေဆဲဆိုတာကိုထင်ဟပ်စေဖို့လို့ ယူဆရပါတယ်။ သူရဲနီတို့ဟာ မြို့ခံပြိုင်ဖက်စီးတီးကိုသာအနိုင်ယူနိုင်ခဲ့မယ်ဆိုရင် အသင်းဟာ အတက်ဖက်ကိုပြန်လည်ဦးမော့သွားမှာပါ။
အသင်းနဲ့သူနဲ့ကြားနားလည်မှုမြင့်မားလာပုံကိုလည်း သူကပြောဆိုခဲ့ပါသေးတယ်။
အသင်းက ကျွန်တော့်ကိုပိုနားလည်လာပါပြီ။ ပေါ်တူဂီက ဘရူနိုကို စစချင်းမှာသူတို့မသိခဲ့ကြပါဘူး။ ကျွန်တော့်အနေနဲ့လည်း အပေးအယူနဲ့ကန်သွင်းမှုတွေမှာ ပိုမြန်ဖို့ ပိုတိုးတက်လာဖို့လိုနေပါသေးတယ်။ အသင်းအတွက် ပိုကောင်းလာဖို့ပါပဲ။
ပေါ်တူဂီသားကို ပရိတ်သတ်တွေဟာ အသင်းခေါင်းဆောင်တစ်ယောက်လို့မြင်ထားကြတာကြာပါပြီ။ အခုလို ထုတ်ဖော်ပြောဆိုမှုတွေဟာ ဘရူနိုရဲ့ရင့်ကျက်မှုကိုရော အသင်းအတွက်ဘာမဆိုလုပ်ဖို့ရှိနေသူဆိုတာကိုပါမြင်သာစေပါတယ်။
Leave a Reply