ဂါနာဘရီကို ကြိုးစားချင်နေတဲ့ ချဲလ်ဆီး
Bild သတင်းဌာနရဲ့ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်အသင်းရဲ့ တောင်ပံကစားသမား ဂါနာဘရီကို ချဲလ်ဆီးအသင်းက စိတ်ဝင်စားနေတယ်လို့ ဖော်ပြလာပါတယ်။ ဒီရာသီမှာ ၁၂ ဂိုးသွင်း ၉ ဂိုးဖန်တီးထားတဲ့တောင်ပံကစားသမားဟာ ဘိုင်ယန်နည်းပြ နဂျယ်စ်မန်းရဲ့ အဓိက ကစားသမားတစ်ဦးလဲဖြစ်နေတာကြောင့် ခေါ်ယူဖို့ကတော့ ခက်ခဲမှာဖြစ်ပါတယ်။ ဒါ့အပြင် ကစားသမားရဲ့ အသင်းဟောင်း အာဆင်နယ်အပေါ် သံယောဇဥ်ကြီးမှုကလဲ ချဲလ်ဆီးအသင်းအတွက် အခက်အခဲတစ်ခုဖြစ်လာနိုင်ပါတယ်။
ရူဒီဂါအတွက် စိတ်ကြိုက်လစာပေးဖို့ ချဲလ်ဆီးဆုံးဖြတ်ပြီးပြီလို့ Goal သတင်းစာဖော်ပြလာ
နောက်ဆုံးမှာတော့ ကာလရှည်ကြာအောင် ဆွေးနွေးနေခဲ့ကြတဲ့ ရူဒီဂါနဲ့စာချုပ်သစ်အတွက် ချဲလ်ဆီးအသင်းဖက်က လစာစိတ်ကြိုက်ပေးဖို့ ပြင်ဆင်နေပြီဖြစ်တယ်လို့ Goal ရဲ့သတင်းထောက် Ninsa Kinsella က ဖော်ပြလာပါတယ်။ ကစားသမားဖက်ကလည်းအသင်းမှာပျော်ရွင်နေတာဖြစ်ပေမယ့် လစာညှိမရတာကြောင့် ဆွေးနွေးမှုတွေဟာ ရှေ့မရောက်ခဲ့တာဖြစ်ပါတယ်။ အသက် ၂၈ နှစ်သားဟာ အသင်းအတွက်အရေးကြီးတဲ့ကစားသမားတစ်ယောက်လဲဖြစ်ပါတယ်။
ပူလီဆစ်ကို ချီးကျူးခဲ့တဲ့နောက်ထပ် ကစားသမားဟောင်း
ဘောလုံးပွဲတင်ဆက်သူတစ်ဦးဖြစ်တဲ့ လီဗာပူးကစားသမားဟောင်းကာရေဂါက ချဲလ်ဆီးအသင်းတိုက်စစ်ကစားသမားပူလီဆစ်ဟာ မေဆင်မောင့် ၊ ဇီယက်ချ်နဲ့ ကိုင်ဟာဗက်စ်တို့ထက်ပိုပြီးအရည်အသွေးရှိတဲ့ကစားသမားဖြစ်တယ်လို့ ချီးကျူးသွားခဲ့ပါတယ်။ The Sport Review နဲ့တွေ့ဆုံရာမှာ ကာရေဂါက “ သူကအသင်းတိုက်စစ်မှုးတွေထဲ အရည်အသွေးအရှိဆုံးပဲလို့ ပြောချင်ပါတယ်။ မေဆင်မောင် ၊ ဇီယက်ချ်နဲ့ ဟာဗက်ဇ်တို့ထက်ပိုပြီး ပြိုင်ဖက်အသင်း ဧရိယာထဲမှာ အစွမ်းပြနိုင်တဲ့သူတစ်ယောက်ပါ။ ဘောလုံးကိုင်ထားပြီးထိုးဖောက်ရာမှာတော့ သူအကောင်းဆုံးပဲလို့ ကျွန်တော်ထင်ပါတယ် “ ဆိုပြီး ပြောဆိုသွားခဲ့တာပါ။
အင်တာကိုပြန်ဖို့ လစာပါလျှော့ယူဖို့ လူကာကူအသင့်ပြင်ထား
ချဲလ်ဆီးအသင်းတိုက်စစ်မှုး လူကာကူဟာ အင်တာမီလန်အသင်းကို ပြန်ချင်နေဆဲဖြစ်တယ်လို့ အီတလီသတင်းစာ Gazetto Dello Sport ကဖော်ပြလာပါတယ်။ Sky Sport အင်တာဗျူးကြောင့် ပြသနာများစွာဖြစ်ခဲ့ပြီးတဲ့နောက် ပြန်အဆင်ပြေနေပြီလို့ ယူဆရပေမယ့် အခုလိုသတင်းပြန်လည်ထွက်ပေါ်လာတာဖြစ်ပါတယ်။ အဆိုပါသတင်းအရ လူကာကူဟာ လစာလျှော့ယူပြီး အင်တာမှာပြန်ကစားဖို့အထိဆုံးဖြတ်ထားတယ်လို့သိရပါတယ်။
ဟာဇက်ကို အငှားနဲ့ပြန်ခေါ်ဖွယ်ရှိတဲ့ ချဲလ်ဆီး
အီဒင်ဟာဇက်ကို အငှားနဲ့ခေါ်ယူဖို့အတွက် ချဲလ်ဆီးနဲ့ ရီးရဲအသင်းတို့ဆွေးနွေးမှုအချို့ပြုလုပ်နေကြတယ်လို့ စပိန်ရေဒီယို Marca ရဲ့သတင်းထောက် ရာမွန်အယ်ဗာရက်စ် ကဖော်ပြလာပါတယ်။ ချဲလ်ဆိးတို့ဟာ တီမိုဝါနာနဲ့ ပူလီဆစ်တို့ရဲ့ မတည်ငြိမ်တဲ့အနေအထားတွေကြောင့် အသင်းရဲ့တိုက်စစ်ပိုင်းအတွက် ဟာဇက်ကို ပြန်လည်ခေါ်ယူလိုတာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့်ဆွေးနွေးမှုတွေဟာ ကနဦးအဆင့်မှာသာရှိသေးပြီး လက်တွေ့ဖြစ်လာဖို့ အဆင့်များစွာကျန်သေးတယ်လို့သိရပါတယ်။
ဒမ်ဘီလီကို အလွတ်နဲ့ခေါ်ချင်နေတဲ့ ချဲလ်ဆီး
ချဲလ်ဆီးအသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ဟာ ဘာစီလိုနာအသင်းက ဒမ်ဘီလီကို နွေရာသီမှာ အလွတ်ပြောင်းရွေ့ကြေးနဲ့ခေါ်ယူဖို့အပြိုင်စောင့်ကြည့်နေကြတယ်လို့ 90 Mins ကဖော်ပြလာပါတယ်။ လစာနှုန်းထားကိစ္စကြောင့် ဘာကာနဲ့ ကစားသမားအကြားအဆင်မပြေဖြစ်ပြီးတဲ့နောက်မှာ ဒမ်ဘီလီဟာ အသင်းပြောင်းဖြစ်ဖို့သေချာသလောက်ရှိနေပြီလဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဆောင်းရာသီအပြောင်းအရွှေ့တုန်းကလဲ ကစားသမားကို စျေးသက်သက်သာသာနဲ့ ရရှိဖို့ ချဥ်းကပ်ခဲ့ကြတယ်လို့ အဆိုပါသတင်းမှာဖော်ပြထားပါတယ်။
Leave a Reply