ဇန်နဝါရီမှာ အသင်းကနေ ထွက်ခွာခဲ့ပြီး လက်ရှိစီးရီးအေကလပ် အူဒီးနိစ်မှာ အငှားထွက်ကစားနေတဲ့ ပါဘလို မာရီဟာ အာတီတာရဲ့ အာဆင်နယ်နည်းပြဘ၀မှာ ပထမဆုံး ခေါ်ယူခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။၂၀၂၀ ဇန်နဝါရီမှာ အာဆင်နယ်ကို ပြောင်းရွှေ့လာခဲ့တဲ့ မာရီဟာ အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်မရဖြစ်ခဲ့ပြီး လက်ရှိရာသီမှာလည်း အသင်းအတွက် နှစ်ပွဲသာ ကစားခွင့်ရထားခဲ့ပါတယ်။
ဘန်ဝှိုက်၊ ဂါဘရီယယ်တို့ကို ကျော်ပြီး ပွဲထွက်ခွင့်ရဖို့ အခွင့်အရေးမရှိတဲ့ မာရီဟာ ပုံမှန်ပွဲထွက်ခွင့်တစ်နေရာအတွက် အီတလီမြေကို အငှားထွက် ကစားခဲ့တာ ဖြစ်ပါတယ်။ အမ်းမရိတ်ကနေ မထွက်ခွာမီမှာ အာတီတာနဲ့ ပြောဆိုဖြစ်ခဲ့တဲ့အကြောင်းအရာတွေကို မာရီက ခုလိုပဲ ဖွင့်ဟလာခဲ့ပါတယ်။
“ ဒီဇင်ဘာမှာ ကျွန်တော်နဲ့ အာတီတာတို့ စကားပြောဖြစ်ခဲ့ကြပါတယ်။ သူပြောခဲ့တာက ဇွန်လမတိုင်မီ နောင်လာမယ့် ၆လအတွင်း အစီအစဉ်က ဒီအတိုင်းပဲဆက်သွားနေမယ်လို့ ဆိုပါတယ်။ တကယ်လို့ အခြားဗဟိုနောက်ခံလူတစ်ယောက်က ဒဏ်ရာရမယ် ဒါမှမဟုတ် ပွဲပယ်ပြစ်ဒဏ်ထိနေတဲ့အခါကျရင် ကျွန်တော်ကစားခွင့် ရမယ်ပေါ့။ဒါပေမယ့် ပွဲအများကြီးတော့ ကစားခွင့်ရမှာမဟုတ်ဘူး။တစ်ပွဲ နှစ်ပွဲ ဒါမှမဟုတ် အများဆုံး သုံးလေးပွဲပေါ့ဗျာ”
“အဆုံးမှာတော့ ဒါကို ကျွန်တော်မလိုချင်ပါဘူး”
ဒီလိုမျိုး ပုံမှန်ပွဲထွက်ခွင့်ရမှာမဟုတ်ပဲ အသင်းရဲ့အဓိကဗဟိုနောက်ခံလူတွေထဲက တစ်ဦးဦးမပါ၀င်နိုင်မှသာ ကစားခွင့်ရမယ်လို့ အပြောခံခဲ့ရပေမယ့် မာရီဟာ အာတီတာနဲ့ အသင်းအပေါ်စိတ်ပျက်ခဲ့တဲ့ပုံမပေါ်ပဲ သူ့ရဲ့ခံစားချက်တွေကို ခုလိုပဲ ဖွင့်ဟလာခဲ့ပါတယ်။
“အဲ့ဒီ့အချိန်အခိုက်အတန့်မှာ အာတီတာဟာ အရမ်းကို တကယ်ပဲကောင်းမွန်တဲ့ သူတစ်ယောက်ပါပဲ။သူပြောခဲ့တာက ‘မင်းလိုချင်တဲ့အရာအားလုံးနဲ့မင်းထိုက်တန်ပါတယ်။ဘာပဲဖြစ်ဖြစ်အဆုံးထိ မင်းက ပရော်ဖက်ရှင်နယ် ဘောလုံးသမားတစ်ယောက်ပဲ။မင်းလိုချင်တာ တစ်ခုခုရှိရင် မင်းနဲ့ ထိုက်တန်ပါတယ်။ဒါကြောင့် မင်းကို ကူညီပေးနိုင်တဲ့အရာရှိရင် ငါကူညီပေးသွားမယ်’ လို့ အာတီတာကပြောပါတယ်”
“နည်းပြတစ်ယောက်ဆီက ဒီလိုစကားမျိုး ကြားရတာ ကျွန်တော်၀မ်းသာပါတယ်။ဘာလို့လဲဆိုတော့ ဒါဟာ(ပုံမှန်ပွဲထွက်ခွင့်ရမှာမဟုတ်ဘူးဆိုတဲ့စကားကြားရတာဟာ) ကျွန်တော့်အတွက် လွယ်ကူတဲ့ အခိုက်အတန့်မဟုတ်ပါဘူး။”
အသက်၂၈နှစ်ရှိပြီဖြစ်တဲ့ မာရီဟာ အာဆင်နယ်အသင်းကို ပြောင်းရွှေ့လာခဲ့စဉ်က ဒဏ်ရာပြဿနာရှိနေခဲ့ပေမယ့် အသင်းကတော့ ယုံယုံကြည်ကြည်နဲ့ပဲ လေးနှစ်စာချုပ်ချုပ်ဆိုပြီး ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။လက်ရှိမှာတော့ အူဒီးနိစ်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရနေပြီး ရာသီကုန်အထိ အီတလီမြေမှာပဲ မာရီကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။
Leave a Reply