ဒဏ်ရာပြဿနာများစွာနဲ့အတူ ကိုဗစ်ကူးစက်မှုတွေပါ ရှိနေတဲ့ အသင်းရဲ့လက်ရှိအခြေအနေနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် ယှဉ်ပြိုင်နိုင်မယ်လို့ ထင်မယ်ဆိုရင် တုံးအရာကျပါလိမ့်မယ်လို့ တူချယ်က ပြောလာခဲ့ပါတယ်။
မနေ့ညက စတန်းဖိုဒ့်ဘရစ်ခ်ျမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘရိုက်တန်နဲ့ ပွဲစဉ်မှာ လူကာကူရဲ့ခေါင်းတိုက်ဂိုးနဲ့ ချဲလ်ဆီးဟာ ဦးဆောင်နိုင်ခဲ့ပေမယ့် ဝဲလ်ဘတ်ရဲ့ နောက်ကျ ချေပဂိုးကြောင့် အိမ်ကွင်းမှာ အဖိုးတန် အနိုင်သုံးမှတ်ကို ဆုံးရှုံးခဲ့ရပါတယ်။
ဒီပွဲစဉ်ကိုသာ အနိုင်ရခဲ့ရင် လီဗာပူးလ်ကို သုံးမှတ်ဖြတ်ပြီး အမှတ်ပေးဇယား အဆင့် ၂နေရာမှာ ပြတ်ပြတ်သားသားရပ်တည်နိုင်မှာ ဖြစ်ပေမယ့် သရေရလဒ်ကြောင့် တစ်ပွဲလျော့ကစားထားတဲ့ လီဗာပူးလ်ကို ၁မှတ်သာ ဖြတ်ထားနိုင်ခဲ့ပါတယ်။
ဒါ့အပြင် အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ရှိနေတဲ့ မန်စီးတီးနဲ့လည်း ၈မှတ်အထိကွာဟသွားခဲ့ပါတယ်။
ဒီပွဲစဉ်မှာ ရိစ်ဂျိမ်းကလည်း တံကောက်ကြော ဒဏ်ရာရခဲ့သလို ခရစ်စတီယန်ဆန်ကလည်း ဒဏ်ရာရခဲ့တာကြောင့် အသင်းအတွက် ကြီးမားတဲ့ နောက်ထပ်ထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့ပါတယ်။ဒါ့အပြင် အသင်းမှာ ကိုဗစ်ကူးစက်မှုခံထားရတဲ့ ကစားသမားကလည်း ခုနစ်ဦးအထိ ရှိနေပြန်ပါတယ်။
ဒီသရေရလဒ်ကြောင့် ချဲလ်ဆီးဟာ နောက်ဆုံးကစားခဲ့တဲ့ ငါးပွဲမှာ လေးပွဲအထိ သရေကျခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးအနေနဲ့ ချန်ပီယံဆုအတွက် ယှဉ်ပြိုင်နိုင်စွမ်း ရှိနေသေးလားဆိုတဲ့ မေးခွန်းတွေအပေါ် တူချယ်က ခုလိုပဲ တုံပြန်ခဲ့ပါတယ်။
“ကျွန်တော်တို့ ဘယ်လိုယှဉ်ပြိုင်ရမလဲ။ ကိုဗစ်ကူးစက်ခံထားရတဲ့ ကစားသမား ၇ယောက်ရှိတယ်။ ဒဏ်ရာရနေတဲ့ ကစားသမား ၅ယောက်၆ယောက်ကလည်း သီတင်းပတ်ခြောက်ပတ်လောက် အနည်းဆုံး အနားယူရဦးမယ်။ ဒီအခြေအနေနဲ့ ချန်ပီယံဆုအတွက် ကျွန်တော်တို့ ဘယ်လို ယှဉ်ပြိုင်လို့ရမလဲ”
“အခြားအသင်းတွေမှာတော့ ကစားသမားအင်အားက အပြည့်ပဲ။လေ့ကျင့်ရေးကွင်းမှာလည်း ကစားသမားတွေက စွမ်းအင်အပြည့်အ၀နဲ့ ယှဉ်ပြိုင်ဖို့ အသင့်ဖြစ်နေကြတယ်”
“ဒီလို ကိုဗစ်ကူးစက်မှုတွေ၊ ဒဏ်ရာပြဿနာတွေ ဗရပွနဲ့ အသင်းဟာ ချန်ပီယံဆုအတွက် ယှဉ်ပြိုင်နိုင်မယ်လို့ ထင်ရင်တော့ တုံးအရာ ကျပါတယ်။ ကြံခိုင်မှုပြည့်၀တဲ့ ကစားသမား ၂၃ယောက်မရှိဘဲနဲ့ ချန်ပီယံဖြစ်ဖို့ မှန်းနေရင်တော့ ဘယ်သူမဆို မိုက်မဲရာကျပါလိမ့်မယ်” လို့ တူချယ်က ဘရိုက်တန်နဲ့ပွဲ အပြီးမှာ ပြောခဲ့ပါတယ်။
“အိမ်ကွင်းမှာ ဘရိုက်တန်ကို အနိုင်ရဖို ကျွန်တော်တို့ တကယ်ကို ကြိုးစားခဲ့တာပါ။ ကျွန်တော့်အသင်းကို ကျွန်တော်ကာကွယ် သွားမှာပါ။ ကျွန်တော်တို့ ဒီထက် ပိုကောင်းအောင်ကစားနိုင်ပါတယ်။ဒါပေမယ့် ကစားသမားအင်အားအပြည့်တော့ ဆက်တိုက်ရှိနေဖို့ လိုအပ်ပါတယ်။ဒီနေ့ပွဲစဉ်မှာစ်ဂျိမ်း တံကောက်ကြောဒဏ်ရာရခဲ့တာဟာ အသင်းအတွက်တော့ ထိုးနှက်ချက်တစ်ခုဖြစ်ပြီး ခရစ်စတီယန်ဆန်လည်း နောက်ကျော ဒဏ်ရာရခဲ့ပါတယ်”
လာမယ့် တနင်္ဂနွေနေ့မှာ လီဗာပူးလ်ကို အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ်အတွက် ချဲလ်ဆီးဟာ ဒဏ်ရာပြဿနာ ကြီးကြီးမားမားရှိနေပါတယ်။ခရစ်စတီယန်ဆန်နဲ့ သီယာဂိုဆေးလ်ဗားတို့ကို ဆုံးရှုံးရမှာဖြစ်တဲ့အပြင် Wing Back player sတွေဖြစ်တဲ့ ချေးလ်ဝဲနဲ့ ရိစ်ဂျိမ်းနှစ်ယောက်လုံး ဒဏ်ရာရနေကြတာဖြစ်ပါတယ်။
Leave a Reply