အာတီတာဟာ ပြီးခဲ့တဲ့ ဇန်နဝါရီမှာ ကစားသမားခြောက်ယောက်အထိ အသင်းကနေ ထွက်ခွာခွင့်ပေးခဲ့ပြီး လူစာရင်းကို ကျစ်လျစ်အောင်လုပ်ခဲ့ပါတယ်။ လက်ရှိအသင်း လူစာရင်းဟာ များများစားစားမရှိသလို အထိခိုက်လည်းမခံတဲ့ အနေအထားမှာ ရှိတာ အားလုံးအသိပါ။
ဒီလိုမျိုး အသင်းရဲ့လူစာရင်းကနေ ကစားသမားအများအပြားကို လျှော့ချာခဲ့ပြီးတဲ့နောက်မှာတောင် ပွဲထွက်ခွင့်မရတဲ့ ကစားသမားတွေ အသင်းမှာ ရှိနေဆဲပါပဲ။ ဒါပေမယ့် ဒီကစားသမားတွေဟာ အာတီတာအတွက် နောက်ဆုံးလက်နက်များ ၊ အသက်ကယ်ဆေးများလို့ပြောနိုင်ပါတယ်။ ဒီအယူအဆကို ဗီလာနဲ့ပွဲမှာ လီနိုက သက်သေပြခဲ့ပြီးဖြစ်ပါတယ်၊ လတ်တလောမှာ အာတီတာရဲ့ အာတီတာရဲ့ အဓိက အရံအင်အားအဖြစ်ရပ်တည်နေတဲ့ ကစားသမား (၄)ယောက်ရှိပါတယ်။ ပထမဆုံးတစ်ယောက်ဖြစ်တဲ့ တာဗာရက်စ်နဲ့ အစပြုလိုက်ကြတာပေါ့။
(၁)နျူနို တာဗာရက်စ်
အောက်တိုဘာနဲ့ နို၀င်ဘာကြားကာလတွေမှာ တီယာနေးရဲ့ ခြေစွမ်း မတည်မငြိမ်ဖြစ်နေခဲ့တာကြောင့် အာတီတာက သူ့အစား တာဗာရက်စ်ကို နောက်တန်း ဘယ်အစွန်မှာ အသုံးပြုခဲ့ပါတယ်။ တီယာနေးလ်အရန်ခုံထိုင်နေရချိန်မှာ တာဗာရက်စ်ဟာ ဘယ်ခြမ်းခံစစ်မှာ တာ၀န်ကျေခဲ့ပြီး တစ်ဦးချင်းဖြတ်ကျော်မှုတွေ၊ တားဆီးမှုတွေမှာ တကယ်ကို ထက်မြက်တဲ့ ၊ကြံ့ခိုင်မှုကောင်းတဲ့ လူငယ်ကြယ်ပွင့်ကစားသမားတစ်ဦးဖြစ်တယ်ဆိုတာ သက်သေပြနိုင်ခဲ့ပါတယ်။
ဒီဇင်ဘာမှာတော့ တီယာနေးလ်ဟာ ပုံစံကောင်းပြန်လည်ပြသနိုင်ခဲ့တာကြောင့် တာဗာရက်စ်ဟာ အရန်ခုံပြန်ထိုင်ခဲ့ရပေမယ့် သူ့ရဲ့ခြေစွမ်းကတော့ မနိမ့်ကျခဲ့ပါဘူး။အတွေ့အကြုံအရသာ တီယာနေးလ်ကို မယှဉ်နိုင်ခဲ့တာ ဖြစ်ပြီး အာတီတာအနေနဲ့ တာဗာရက်စ်က်ု နောက်လာမယ့်ရာသီတွေမှာ အတွေ့အကြုံသစ်တွေနဲ့ပုံမှန်ပွဲထွက်ခွင့်တွေရှာဖွေဖို့ အငှားချသင့်ပါပြီ။ မန်စီးတီးအသင်းရဲ့ ဂွာဒီယိုလာက မျက်စေ့ကျတယ်ဆိုတာနဲတဲ့အရည်အသွေးမှ မဟုတ်တာ။
(၂) လီနို
ရမ်ဒေးလ် ဒဏ်ရာရနေခဲ့တာကြောင့် အက်စ်တွန်ဗီလာနဲ့ ပွဲစဉ်မှာ ပွဲထွက်ခွင့်ရတဲ့ လီနိုကိုလည်း ဒီလူစာရင်းထဲမှာ ထည့်သွင်းဖို့ မမေ့သင့်ပါဘူး။အသင်းနဲ့အတူ လေးရာသီဖြတ်သန်းခဲ့ပြီး ပွဲပေါင်း ၁၂၀ကျော်ပါ၀င်ခဲ့တဲ့ ဂျာမနီသားကြီးအတွက် လက်ရှိရာသီဟာ သူ့ရဲ့အမ်းမရိတ် နောက်ဆုံးနေ့စွဲတွေ ဖြစ်နိုင်ပါတယ်။
ရာသီအစမှာ ဆိုးရွားတဲ့ ရလဒ်တွေကို ကြုံတွေ့ခဲ့ရပြီးနောက် လီနိုဟာ သူ့ရဲ့ နံပါတ်တစ်ဂိုးသမားနေရာကို ရမ်ဒေးလ်ဆီ ပေးအပ်ခဲ့ရပါတယ်။ရမ်ဒေးလ်ရဲ့ လက်စွမ်းတည်ငြိမ်မှု၊ခံစစ်ကို ဦးဆောင်နိုင်မှုနဲ့ build up playမှာ အကောင်းဆုံးကစားနိုင်မှုတွေကြောင့် ရှေးရိုးဆန်ဂိုးသမားကြီး လီနိုဟာ ပွဲထွက်ခွင့်တွေကို တဖန်ပြန်လည် မရှာဖွေနိုင်ခဲ့ပါဘူး။
လီနိုရဲ့ စာချုပ်သက်တမ်းက တစ်နှစ်ပဲ ကျန်တော့တာဖြစ်ပြီး အာဆင်နယ်အသင်းက သူ့ရဲ့နေရာအစားထိုးဖို့ အမေရိကန်လက်ရွေးစင်ဂိုးသမား မတ်တာနာကို ခေါ်ယူခဲ့ပြီးဖြစ်တာကြောင့် လာမယ့် နွေမှာတော့ လီနိုကို ကျွန်တော်တို့ လက်ပြနှုတ်ဆက်ရတော့မှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်အသက်တမျှအရေးကြီးနေတဲ့ လက်ကျန် ၁၀ ပွဲမှာ လီနိုရဲ့ အခန်းကဏ္ဏဟာ အလွန်အရေးပါနေဆဲပါပဲ။
(၃) ဆမ်ဘီလိုကွန်ဂါ
ရှာကာ၊ ပါတေးတို့ အသင်းရဲ့ကွင်းလယ်မှာ မပါ၀င်နိုင်ချိန်မှာ လိုကွန်ဂါက အာတီတာရဲ့ ပွဲထွက်လူစာရင်းမှာ ပါ၀င်ခွင့်ရခဲ့ပါတယ်။ သူ့ရဲ့ခြေစွမ်းကို ပရိသတ်တွေအနေနဲ့ အားမရဖြစ်ခဲ့နိုင်ပေမယ့် လိုကွန်ဂါဟာ အသက်အရွယ်ငယ်ရွယ်ပြီး အတွေ့အကြုံနုနုနယ်သေးတဲ့ လူငယ်ကစားသမားလေး တစ်ယောက်ဆိုတာကိုတော့ ကျွန်တော်တို့ မေ့ထားလို့ မဖြစ်ပါဘူး။
အာတီတာကလည်း ဘယ်လ်ဂျီယန်သားလေးကို အလောတကြီးအသုံးပြုဖို့၊ မနိုင်၀န်တွေ ထမ်းစေဖို့ ဆန္ဒမရှိခဲ့ပေမယ့် ရွေးချယ်စရာမရှိတဲ့ အနေအထားတစ်ခုကြောင့်သာ လိုကွန်ဂါကို အသင်းရဲ့လူစာရင်းမှာ မဖြစ်မနေအသုံးပြုခဲ့ရတာဖြစ်တယ်။ဒါ့ကြောင့် လိုကွန်ဂါ ဟာ အဆင်သင့်မဖြစ်သေးတဲ့ အနေအထားနဲ့ ကစားခဲ့ရတာဖြစ်ပြီး ရှာကာနဲ့ပါတေးတို့ ပြန်လာနိုင်မှာတော့ လိုကွန်ဂါဟာ အရန်ခုံတန်းဆီကိုပဲ ပြန်လာခဲ့ရပါတယ်။
တာဗာရက်စ် နည်းတူ လိုကွန်ဂါဟာလည်း အလားအလာကောင်းတွေ အများအပြားရှိတဲ့ ကြယ်ပွင့်ကစားသမားလေးတစ်ဦးဖြစ်တာကြောင့် တစ်နေ့မှာတော့ သူ့ဆီကနေ ကျွန်တော်တို့ မျှော်လင့်စရာတွေ အများကြီး ရှိလာနိုင်ပါတယ်။
(၄) အယ်လ်နီနီ
နိုင်ငံအသင်းနဲ့အတူ အာဖရိကဖလားမှာ အစွမ်းပြနိုင်ခဲ့ပေမယ့် အာဆင်နယ်မှာတော့ အယ်လ်နီနီဟာ မြက်ခင်းစိမ်းတွေရဲ့ဘေး အရန်ခုံတန်းကနေသာ အသင်းဖော်တွေကို အားပေးငေးကြည့်နေရုံပါပဲ။ အသင်းနဲ့ နောက်ဆုံး ဘောလုံးရာသီလေးခုမှာ ၄၁ပွဲသာ ပွဲထွက်ခွင့်ရထားတဲ့ အယ်လ်နီနီဟာ ဘောလုံးကို ရှေ့မပေးတတ်သူလို့ ပရိသတ်အချို့ရဲ့ လှောင်ပြောင်ခြင်းကို ခံရသူလည်း ဖြစ်ပါတယ်။ အယ်လ်နီနီကလည်း ပွဲစဉ်အများစုမှာ အကွက်မြင်တဲ့ ဘောလုံးပေးပို့မှုတွေအစား ဘေးတိုက်သာမန်ပေးပို့မှု အများစုကိုသာ ပြုလုပ်တတ်သူဖြစ်ပါတယ်။အချို့ ပွဲစဉ်တွေကြတော့လည်း သူ့ရဲ့ခြေစွမ်းနဲ့လုပ်အားနှုန်းက တကယ်ကို ကောင်းမွန်နေတတ်ပါတယ်။ ဒီအချက်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်ခရီးမှာ အလွန်အရေးပါနေပါတယ်။ ပါတေးနဲ့ ရှာခါတို့သာ တစ်စုံတစ်ခုဖြစ်ခဲ့ရင် အယ်နီနီဟာ အဓိကရွေးချယ်စရာဖြစ်ပါတယ်။
ဒီဇင်ဘာ အစောပိုင်းကနေ လက်ရှိအချိန်အထိ အသင်းနဲ့အတူ ၂၁မိနစ်သာ ပွဲထွက်ခွင့်ရထားတဲ့ အယ်လ်နီနီရဲ့ စာချုပ်သက်တမ်းဟာ လာမယ့်နွေရာသီမှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။ လီနိုလိုပဲ လက်ရှိနေ့စွဲတွေဟာ အယ်လ်နီနီရဲ့ အမ်းမရိတ်နောက်ဆုံး နေ့စွဲတွေပဲ ဖြစ်ပြီး ဘာပဲဖြစ်ဖြစ် ပရိသတ်တွေကတော့ မြောက်လန်ဒန်ရောက် အီဂျစ်သားတစ်ယောက်ကို သတိရနေကြမှာပါ။
Leave a Reply